ဝါရှင်တန်၊ ဇန်နဝါရီ ၈

ရာသီဥတု ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီတို့နဲ့ ဆက်စပ်တဲ့ အဓိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွေ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန် နုတ်ထွက်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

ဇန်နဝါရီ ၇ ရက် ညနေပိုင်းမှာ အိမ်ဖြူတော်က ဖော်ပြတဲ့ သမ္မတ အသိပေးကြေညာချက်မှာ ထရန့်က အမေရိကန် အကျိုးစီးပွားတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရချင်း သဘောတူညီမှုတွေ၊ ပဋိညာဉ်တွေကို ပြန်လည် သုံးသပ်ပြီးနောက် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ အမေရိကန်ပါဝင်မှုကို ရပ်ဆိုင်းမှာဖြစ်သလို ရန်ပုံငွေထောက်ပံ့မှု အားလုံးကိုလည်း ဖြတ်တောက်သွားမှာဖြစ်ကြောင်း ထရန့်က ပြောထားပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအဖွဲ့တွေ IPCC အပါအဝင် ကုလသမဂ္ဂ မဟုတ်တဲ့ အဖွဲ့အစည်း ၃၅ ခုလည်း အမေရိကန် နုတ်ထွက်မယ့် အဖွဲ့အစည်းစာရင်းမှာ ပါဝင်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

IPCC ကို အိမ်ဖြူတော်က ကုလသမဂ္ဂ မဟုတ်တဲ့ အဖွဲ့အစည်း စာရင်းမှာ ထည့်သွင်းထားပေမယ့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကို သိပ္ပံပညာရှင်တွေကို စုစည်းပြီး အလုပ်လုပ်နေတဲ့ ကုလ အေဂျင်စီ တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်း ၃၁ ခုကနေလည်း အမေရိကန် နုတ်ထွက်မှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ပစ်မှတ်ထားခံရတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တချို့ဟာ စစ်ပွဲတွေအတွင်း အန္တရာယ်ရှိနိုင်တဲ့ အုပ်စုတွေကို ကာကွယ်ပေးရေး အဓိက လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရက်ဇ်က မကြာခင် တုံ့ပြန်မှု ပြုလုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂဖိုရမ်တွေမှာ အမေရိကန်ပါဝင်မှုကို လျှော့ချသွားမယ်လို့ ထရန့်က လူသိရှင်ကြား ပြော ထားပေမယ့် နိုင်ငံတကာအဆင့် ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်းမှာ သြဇာလွှမ်းမိုးထားနိုင်မှုကိုတော့ လျှော့ချထားတာ မတွေ့ရပါဘူး။

ဂျေရုစလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုရေး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံမဲပေးခဲ့တဲ့ နိုင်ငံတွေကိုလည်း အကူအညီတွေ ဖြတ်တောက်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အမေရိကန်ဟာ ကုလသမဂ္ဂမှာ အတိုင်းအတာ တစ်ခုအထိ အာဏာစွဲကိုင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း ထရန့်က အမေရိကန်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၊ ပါရီ ရာသီဥတု သဘောတူညီမှုနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင် စီတို့ကနေ နုတ်ထွက်ထားပါတယ်။

ထရန့်ဟာ သူ့ရဲ့ ပထမသမ္မတ သက်တမ်း အတွင်းက အဖွဲ့အစည်း သုံးခုက အမေရိကန်ကို ထုတ်ထားခဲ့ပေမယ့် ဂျိုးဘိုင်ဒန်လက်မှာ အမေရိကန်ကို ပြန်လည် ပါဝင်စေခဲ့ပါတယ်။

အမေရိကန်က နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေအတွက် ရန်ပုံငွေပေးနေတာတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.