ဘားအံ၊ ဒီဇင်ဘာ ၃၁

ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် လာမယ့်နှစ်သစ် ဇန်နဝါရီလမှာ ပြောင်းလဲဖွဲ့စည်းသွားတော့မှာဖြစ်ပြီး ပြောင်းလဲဖွဲ့စည်းမယ့်အချိန်အတောအတွင်း တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ BGF သတင်းရင်းမြစ်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

BGF တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပြောင်းလဲဖွဲ့စည်းသွားမှာဖြစ်တဲ့အပြင် အခုလက်ရှိမှာလည်း BGF တပ်ဖွဲ့ဝင်တွေဟာ KNA ဘက်တံဆိပ်တွေနဲ့ အမှတ်အသားတွေပါတဲ့ စစ်ယူနီဖောင်းတွေ လက်နက်တွေကို အသုံးပြုနေပြီလို့ BGF သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

BGF ကနေ KNA အဖြစ် ပြောင်းလဲဖွဲ့စည်းသွားတော့မယ့်အချိန်အတွင်း တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအထူးသတိပြုပြီး နေထိုင်သွားလာကြဖို့လည်း BGF စစ်ရေးခေါင်းဆောင်တွေက ဆက်သွယ်ရေးစက်ထဲကနေတစ်ဆင့် လှမ်းပြီးအသိပေးနေတာတွေရှိတယ်လို့ BGF သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

စစ်တပ်လော်ဘီတချို့ရဲ့ ဖော်ပြချက်အရ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ဒီနှစ်ကုန်မှာ တရားဝင်ခွဲထွက်သွားတော့မှာဖြစ်ပြီး လက်ရှိမှာ BGF က KNA အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ တရားဝင်ကြေညာချက် ထုတ်ပြန်လာတာမရှိသေးပေမယ့် KNA ဘက်တံဆိပ်ကို ပြောင်းလဲဝတ်ဆင်ထားကြတယ်လို့ ဆိုထားပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး စစ်တပ်လက်အောက်ခံကနေ နှုတ်ထွက်လိုက်ပြီးနောက် စစ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ စစ်တပ်နဲ့ ပူးပေါင်းပါဝင်မှုမရှိတော့သလို လစာ၊ ရိက္ခာ စတာတွေကိုလည်း ယူဆောင်ခြင်းမပြုတော့ဘူးလို့ BGF က ထုတ်ဖော်အသိပေးထားပါတယ်။

အသစ်ပြောင်းလဲဖွဲ့စည်းသွားတော့မယ့် ကရင်အမျိုးသားတပ်မတော် KNA ထဲမှာ အရင်ကလို စစ်တပ်ဖွဲ့စည်းပုံအတိုင်း မဟုတ်တော့ဘဲ စစ်ဒေသ ၄ ဒေသ၊ ဗျူဟာ ၁၀ ဗျူဟာ၊ တပ်ရင်း ၆၀ ကျော်ပါဝင်ပြီး စောချစ်သူအပါအဝင် BGF ထိပ်ပိုင်းခေါင်းဆောင်တွေ တပ်ရင်းမှူးတွေဟာ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အထိ ရာထူးတိုးမြင့်သွားတာဖြစ်ပါတယ်။

အရင် စစ်တပ်ဖွဲ့စည်းပုံအတိုင်း ကရင်နယ်ခြားစောင့်တပ် BGF ထဲမှာ တပ်နယ် ၄ နယ်၊ တပ်ရင်း ၁၃ ရင်းသာရှိခဲ့ပြီး တပ်ဖွဲ့ဝင်တွေကလည်း အကန့်အသတ်နဲ့သာ ထားရှိခွင့်ပြုထားသလို စစ်ဘက်ရာထူးအနေနဲ့ ဗိုလ်မှူးကြီးအဆင့်ထိသာ ရာထူးအကြီးဆုံးဖြစ်တာပါ။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်တပ်လက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်လိုက်ပြီးနောက် ကရင်ပြည်နယ်ဒေသအတွင်းမှာ လူငယ်အများအပြားကို စစ်မှုထမ်းခေါ်ဆောင်ပြီး စစ်သင်တန်းတွေပေးကာ တပ်ဖွဲ့ဝင်အရေအတွက်ကို တိုးချဲ့ဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.