တီဟီရန်၊ ဒီဇင်ဘာ ၃၁
ငွေကြေး ဖောင်းပွမှုနဲ့ ငွေတန်ဖိုး စံချိန်တင် လျော့ကျမှုနဲ့ပတ်သက်လို့ အီရန်မှာ ဆန္ဒပြပွဲတွေနဲ့ သပိတ်မှောက်မှုတွေ မြို့တော် တီဟီရန်ကနေ တတိယမြောက်နေ့မှာ တခြားမြို့တွေအထိ ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။
ပွင့်လင်းဈေးကွက်မှာ အမေရိကန် ဒေါ်လာနဲ့ အီရန်နိုင်ငံသုံး ရီရယ်ငွေ လဲလှယ်နှုန်းဟာ စံချိန်တင် မြင့်တက်လာခဲ့ပြီးနောက် တီဟီရန်မြို့ ဂရန့် ဘဇား ဈေးက ဆိုင်ရှင်တွေ ဒီဇင်ဘာ ၂၈ ရက်မှာ စတင် သပိတ်မှောက်ခဲ့ကြပါတယ်။

အဲဒီနောက် တခြားမြို့တွေ အများကြီးမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွေကို နှိမ်နှင်းဖို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပါတယ်။
အီရန်အစိုးရက ဆန္ဒပြပွဲတွေကို အသိအမှတ်ပြုတယ်လို့ ပြောကြားပြီး ပြင်းထန်တဲ့ အသံတွေနဲ့ ရင်ဆိုင်နေရတာတောင် သည်းခံစိတ်နဲ့ နားထောင်ပေးမယ်လို့ ဆိုပါတယ်။

သမ္မတ မာဆောက် ပီဇက်ခီယန်က ပြဿနာတွေကို ဖြေရှင်းပြီး တာဝန်ခံမှု ရှိရှိ လုပ်ဆောင်နိုင်ရေး ဆန္ဒပြပွဲ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြည်ထဲရေးဝန်ကြီးကို တိုက်တွန်းထားပါတယ်။
အီရန် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး မိုဟမ်မန်ဒရီဇာ ဖာဇင် ရာထူးက နုတ်ထွက်တာကိုလည်း သမ္မတက လက်ခံပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းကို သူ့နေရာမှာ အစားထိုး ခန့်အပ်ထားပါတယ်။
ဆန္ဒပြပွဲတွေမှာ တက္ကသိုလ် ကျောင်းသားတွေလည်း ပါဝင်ပြီး အီရန်မှာ အဆုံးစွန် အာဏာစွဲကိုင်ထားသူ အယာတိုလာ အလီ ခါမေနီကို ရည်ညွှန်းပြီးတော့ အာဏာရှင် သေပါစေဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန် ဆန္ဒပြပွဲတွေကို ကြိုဆိုကြောင်း လူမှုမီဒီယာမှာ ပြောထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုတို့ ဒီဇင်ဘာ ၂၉ ရက်က ဖလော်ရီဒါမှာ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အီရန်က မကျေနပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်က အီရန်အစိုးရရဲ့ မအောင်မြင်တဲ့ မူဝါဒတွေနဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဆန္ဒပြပွဲတွေ ဖြစ်လာတာလို့ ပြောထားပါတယ်။
ထရန့်က အီရန်မှာ အစိုးရ အပြောင်းလဲ ဖြစ်လာစေဖို့ ပြောဆိုထားတာ မရှိပေမယ့် အီရန်မှာ စီးပွားရေး အဆင်မပြေတာကြောင့် ပြည်သူတွေ မပျော်ရွှင် ဖြစ်နေတယ်လို့ နေတန်ညာဟုနဲ့ တွေ့ဆုံမှု အပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အီရန်အနေနဲ့ ပဲ့ထိန်း ဒုံးကျည်စီမံကိန်း ဒါမှမဟုတ် နျူကလီယား စီမံကိန်းတွေကို ပြန်လည် တည်ဆောက်မယ်ဆိုရင် အစ္စရေးက ထပ်ပြီး တိုက်ခိုက်တာကို ထောက်ခံမယ်လို့လည်း ထရန့်က ပြော ပါတယ်။
ဇွန်လက အစ္စရေးနဲ့ အီရန်ကြား ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်က အီရန်ရဲ့ ယူရေနီယံ သန့်စင်တဲ့ အဓိက နေရာတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းတွေဟာ ငြိမ်းချမ်းရေး သက်သက် ဖြစ်တယ်လို့ ပြောထားပါတယ်။
အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာက အီရန်မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အစိုးရ ဖြုတ်ချခံရဖို့ အစ္စရေးက မျှော်လင့်စောင့်စားနေတယ်လို့ မကြာခဏ ပြောဆိုထားပါတယ်။
Ref:BBC

