မော်လမြိုင် ၊ ဇန်နဝါရီ ၁

အာဏာသိမ်း စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမယ့် မွန်ပြည်နယ်ရဲ့ မြို့နယ် နှစ်ခုမှာ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲအပိုင်း ၂ အဖြစ် မွန် ပြည်နယ်ရဲ့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။

စစ်ကော်မရှင် အပိုင်း ၂ ကျင်းပမယ့် မြို့နယ်တွေထဲမှာ ဘီးလင်းမြို့နယ်နဲ့ ရေးမြို့နယ်တို့မှာ ရွေး ကောက်ပွဲမတိုင်မီ အခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် တိုက်ပွဲတချို့ ပြန်လည်ဖြစ်ပွားနေတာပါ။

ဘီးလင်းမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ စစ်ကော်မရှင်တပ်ဟာ ရွေး ကောက်ပွဲ မတိုင်မီကတည်းက စစ်ကြောင်းထိုးမှုတွေ ရှိနေတာကြောင့် နှစ်ဖက်စစ်ရေး ပြင်းထန်နေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိမှာတော့ စစ်ရေးကတော့ ပြင်းထန်တယ်လို့ ပြောရမှာပေါ့။ စစ်ကော်မရှင်ဘက်ကလည်း တိုးလာတာတွေ ရှိတာပေါ့။ ရွေးကောက်ပွဲ မဖြစ်ခင်ကတည်းက သူတို့က ကြိုကာထားတာ ကျွန် တော်တို့ ဒီလွတ်မြောက်နယ်မြေရဲ့ စည်းတွေပေါ့နော်။ အဲဒီစည်းတွေထိ ရောက်လာတာပဲ။ ရောက်အောင်လာကာတော့ ထိတွေ့မှု ဖြစ်တယ်။ ကျွန်တော်တို့ဘက်ကလည်း တိုက်ပွဲကတော့ ရအောင် ဖော်ဆောင်နေမှာပဲ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ မကျင်းပခင် ဆက်တိုက် စစ်ကြောင်းထိုးတာ၊ လက် နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာအပြင် တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက် နိုင်တဲ့နေရာတွေမှာ ကင်းပုန်းတွေ ချထားတာကြောင့် ပြည်သူတွေ အနေနဲ့ သတိထားနေထိုင်ကြဖို့ သူက တိုက်တွန်းပါတယ်။

ရေးမြို့နယ် ဒေသခံတစ်ဦးကလည်း နှစ်ဖက်တိုက်ပွဲတွေ ရက်ခြားဖြစ်နေတာကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တိုက်ပွဲက နေ့တိုင်းတော့ မဟုတ်ဘူး။ တစ်ရက်ခြား နှစ်ရက်ခြားပေါ့။သူတို့တွေက စစ်ကြောင်းထိုးတာတို့ သတင်းအချက်အလက်ရတာတို့ ဆိုတော့ အဲဒီလိုတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ နေနေရတာပေါ့။ စားဝတ်နေရေးကလည်း အဆင်မပြေ အလုပ်အကိုင်ကလည်းမရှိ တိုက်ပွဲကတစ်မှု ခဏနေကျရင် ပစ်ကျခတ်ကြတာ”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် အင်အားအများအပြား အသုံးပြုပြီး စစ်ကြောင်း ထိုးတာ၊ မြို့ပေါ်တွေမှာ တပ်ဖြန့်တာအပြင် မဲရုံတွေမှာလည်း လုံခြုံရေး ပိုမိုတိုးမြှင့်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများဆုံး အနိုင်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.