ဘီးလင်း၊ ဇန်နဝါရီ ၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အလူးလေးကျေးရွာ ခြင်္သေ့နှစ်ကောင်ဘုရားအနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကော်မရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း ခရီးသွားပြည်သူတွေဖြစ်တဲ့ ပဲခူးတိုင်း ဝေါမြို့နယ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ခရီးသွားကား ရာနဲ့ချီ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည် သွားလာကြနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ဘီးလင်းအခြေစိုက် တပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် အလူးကျေးရွာနဲ့ ဝင်းပြန်ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာရှိ ခေတ္တာဘုန်းကြီး ကျောင်းပေါ် စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးသုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

