ဘန်ကောက်၊ ဒီဇင်ဘာ ၃၁

ဒီဇင်ဘာ ၂၇ ရက်က နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ထိုင်းက ဇူလိုင်လ တိုက်ပွဲတွေအတွင်း ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

သဘောတူညီမှုကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်ဆိုတဲ့ ထိုင်းရဲ့ စိုးရိမ်မှုကြောင့် စစ်သားတွေကို ပြန်လွှတ်ပေးဖို့ တစ်ရက် ကြန့်ကြာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့သံတမန်ရေး ဖိအားပေးမှုတွေကြောင့် ထိုင်းက သဘောတူထားတဲ့အတိုင်း အဲဒီ စစ်သားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် တအုံနွေးနွေး ဖြစ်နေတဲ့ တင်းမာမှုတွေ အခုလ စောစောပိုင်းက ပေါက်ကွဲထွက်ခဲ့ပြီး သီတင်းပတ် များစွာကြာ တိုက်ပွဲတွေကြောင့် လူတစ်သန်းနီးပါး စစ်ဘေးရှောင်ခဲ့ရ ပါတယ်။

ဒီဇင်ဘာ ၂၇ ရက် သဘောတူညီမှုအရ လက်ရှိ နှစ်ဖက် ရှိနေတဲ့ အခြေအတိုင်း အပစ်ရပ်ရေး၊ အင်အား ပြန်လည် မဖြည့်တင်းရေး စစ်ဘေးရှောင်များ တတ်နိုင်သမျှ အမြန်ဆုံး နေရပ် ပြန်လာနိုင်ရေးတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အရပ်ဝတ်နဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို နယ်စပ် စစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ပြီး ကမ္ဘောဒီးယား အာဏာပိုင်တွေဆီ လွှဲအပ်ချိန်မှာ ဆုတောင်းပေးသူတွေလည်း ရှိခဲ့ပါတယ်။

ဇူလိုင်လက စောစောပိုင်း တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယား စစ်သားတွေ ဖမ်းဆီးခံရမှုကြောင့် ကမ္ဘောဒီးယားမှာ အမျိုးသားရေးဝါဒ အားကောင်းလာခဲ့ပြီး သူတို့ ပြန်လည် လွတ်မြောက်ရေးဟာ အပစ်ရပ် ဆွေးနွေးမှုများအတွင်း ဖနွမ်းပင်အစိုးရရဲ့ အဓိက တောင်းဆိုမှု ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ စိတ်ကောင်း စေတနာ ပြသတဲ့အနေနဲ့ ကမ္ဘောဒီးယား စစ်သားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ကမ္ဘောဒီးယားကလည်း အလားတူ စိတ်ကောင်း စေတနာ ပြသမယ်လို့ မျှော်လင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက စစ်သားတွေ ပြန်ရောက်လာပြီ ဖြစ်ကြောင်း အတည်ပြုထားပြီး နှစ်နိုင်ငံ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အပစ်ရပ် သဘောတူညီမှုအရ ထိုင်းက ဒီဇင်ဘာ ၃၀ ရက် နေ့လယ်မတိုင်ခင် ကမ္ဘောဒီးယား စစ်သားတွေကို ပြန်လွှတ်ပေးရမှာ ဖြစ်ပေမယ့် ကမ္ဘောဒီးယား ဒရုန်း အစီး ၂၅၀ လေပိုင်နက် ချိုးဖောက် ဝင်ရောက်မှုကြောင့် ကြန့်ကြာခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းဖက်က စောဒက တက်တာတွေ ရှိနေပေမယ့် အခုအချိန်အထိတော့ နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲမှု တည်မြဲတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.