ပုလော၊ ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်း ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်းပွန်းဖြစ်သူတို့ အသတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးခွင့်ပေးဖို့ နိုင်ငံရေးနဲ့တော်လှန်ရေးအင်အားစုအဖွဲ့ ၁၄ ဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး ပူးပေါင်းတောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီအချိန်ခန့်မှာ ပုလောမြို့နယ် ဆားခဲကျေးရွာမှာ နေထိုင်တဲ့ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးပြည့်ဖြိုးနိုင်တို့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ခွင့်လွတ်နိုင်စရာ မရှိတာကြောင့် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ တရားခံလို့ ယူဆသူတွေရဲ့ “ထမင်းတောင်းစားရာမှ ထမင်းမကျွေးတာကြောင့် လူသတ်မှုဖြစ်ပွားရတယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ အခြားသော ထွက်ဆိုချက်တွေဟာ ယုတ္တိမရှိဘူးလို့ ဆိုထားပါတယ်။
ဆရာမကြီးတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ မသေမချင်း ရက်ရက်စက်စက် သတ်ဖြတ်ထားကြောင်း ပေါ်လွင်ထင်ရှားတာကြောင့် “လူသတ်မှု ကျူးလွန်သူတွေရဲ့ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှု ရှိနိုင်တယ်”လို့ အဲဒီအဖွဲ့ ၁၄ ဖွဲ့က ထောက်ပြထားပါတယ်။
အဲဒီအဖွဲ့ ၁၄ ဖွဲ့ ပြောခွင့်ရသူ တစ်ဦးက ဆရာမကြီးတို့ ဇနီးမောင်နှံနှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးခွင့်ပေးဖို့ KNU ထံ တောင်းဆိုထားပေမယ့် အကြောင်းမပြန်သေးတာကြောင့် စစ်ဆေးခွင့်ပေးဖို့ ထပ်မံတောင်းဆိုတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က လူသတ်မှု ကျူးလွန်သူတွေဟာ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅) အချုပ်စခန်းကနေ ထွက်ပြေးလာသူတွေဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့မောင်ဝင်းစိုးတို့ ဖြစ်ပြီး သူတို့ လေးဦးကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအဖွဲ့ ၁၄ ဖွဲ့ကတော့ ဒီဇင်ဘာ ၁၉ ရက်နေ့က အဖွဲ့အစည်း ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လွတ်လပ်စွာ စစ်ဆေးခွင့်ပေးဖို့နဲ့ အသတ်ခံရမှုအပေါ် တရားမျှတမှုရှိရေးအတွက် NUG နဲ့ KNU ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်သေခံပစ္စည်းတွေနဲ့ အထောက်အထားတွေကို ဖော်ထုတ်သိမ်းဆည်းရရှိနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းကူညီပေးဖို့နဲ့ တရားခံနဲ့တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ဖိအားပေး ခြိမ်းခြောက်တာ မလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
တနင်္သာရီတိုင်း အခြေစိုက် နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ ၁၄ ဖွဲ့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး KNU မြိတ်-ထားဝယ်ခရိုင် ပြောခွင့်ရထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

