ဘန်ကောက် ဒီဇင်ဘာ ၁၈

ဘန်ကောက်မြို့ရှိ ကုန်လှောင်ရုံတစ်ခုမှာ တရားမဝင် စိုက်ပျိုးထားတဲ့ ဆေးခြောက် စိုက်ခင်းကို စီးနင်းမှုအတွင်း ထိုင်းရဲတပ်ဖွဲ့က ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ဘတ် ၂ သန်းနီးပါး တန်ဖိုးရှိတဲ့ ဆေးခြောက်အပင် ၁၆၀၀ ကျော်နဲ့အတူ ဖမ်းဆီးလိုက်ပါတယ်။

ဆွဲ့ဘန်း ခရာဒီ ဒေသရှိ အဲဒီ ကုန်လှောင်ရုံက ဆေးခြောက်အနံတွေ ဆိုးဆိုးရွားရွား ထွက်ပေါ်နေတာကြောင့် ဒေသခံတွေက တိုင်ကြားပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်း တိုင်းရင်းဆေးနဲ့ တခြား ဆေးဝါးဆိုင်ရာ ဌာနအရာရှိတွေနဲ့အတူ မြို့တော် ရဲတပ်ဖွဲ့ အရာရှိတွေက အဲဒီ ကုန်လှောင်ရုံကို ဒီဇင်ဘာ ၁၇ ရက်က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၇ နှစ်၊၂၈ နှစ်နဲ့ ၃၅ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသားတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က နာမည်တွေနဲ့တကွ ဖော်ပြထားပါတယ်။

သူတို့ ၃ ဦးစလုံးကို အဲဒီ ကုန်လှောင်ရုံထဲမှာပဲ ဖမ်းမိခဲ့တာ ဖြစ်ပြီး ကုန်လှောင်ရုံအတွင်း ဆေးခြောက် စိုက်ပျိုးထားကြောင်း ဝန်ခံထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အပင် တစ်ပင်ချင်းစီက ဆေးခြောက် အဖူး ၁၀၀ ဂရမ် ထွက်ရှိနိုင်တဲ့ အလေးချိန် ၁၆၈ ဒသမ ၅ ကီလိုဂရမ်ရှိ ဆေးခြောက် အပင်ပေါင်း ၁၆၈၅ ပင်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ ပါတယ်။

ထိုင်းဆေးခြောက် ဈေးကွက်မှာ တစ်ကီလိုကို ဘတ် ၁၀၀၀၀ ဈေးပေါက်တာကြောင့် ဖမ်းဆီးရမိတဲ့ ဆေးခြောက်တွေရဲ့ တန်ဖိုးဟာ ဘတ် ၁ ဒသမ ၆၉ သန်း ကျော်ရှိတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

သံသယရှိသူတွေဟာ ဆေးခြောက်နဲ့ဆက်စပ်တဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ ကုမ္ပဏီ တစ်ခု ထောင်ထားပေမယ့် ဥပဒေအရ ထိန်းချုပ်ထားတဲ့ ဆေးခြောက်ပင်တွေကို စိုက်ပျိုးဖို့ ဒါမှမဟုတ် ရောင်းဝယ်ဖို့ လိုအပ်တဲ့ လိုင်စင် မရှိဘဲ စိုက်ပျိုးထားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ စိုက်ခင်းဟာ တရားဝင် ခွင့်ပြုချက်လုံးဝ မရှိဘဲ စိုက်ပျိုးထားတာ ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က သက်သေအထောက်အထား စုဆောင်းပြီး ထွန်ဘူရီဒေသဆိုင်ရာ တရားရုံးရဲ့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပေးတဲ့ ရှာဖွေဝရမ်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဝင်ရောက် စီးနင်းရှာဖွေချိန် ကုန်လှောင်ရုံအတွင်း ကြီးမားတဲ့ အတိုင်းအတာနဲ့ စိုက်ပျိုးထားတဲ့ ဆေးခြောက် စိုက်ခင်းကို တွေ့ရတာကြောင့် ချက်ချင်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကနဦးမှာ သံသယရှိသူ ၃ ဦးကို ဥပဒေအရ ထိန်းချုပ်ထားတဲ့ ဆေးခြောက်ပင်တွေကို ပူးပေါင်း စိုက်ပျိုးမှု၊ ခွင့်ပြုချက် မရှိဘဲနဲ့ စီးပွားဖြစ် ရည်ရွယ်ပြီးတော့ လက်ဝယ် ပိုင်ဆိုင်ထားမှု၊ ရောင်းချမှုတို့နဲ့ စွဲချက်တင်ထားပါတယ်။

ဆေးခြောက် စိုက်ပျိုးကြောင်း ဝန်ခံထားတဲ့ အဲဒီ ဗီယက်နမ် နိုင်ငံသား ၃ ဦးရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ အဖွဲ့ ရှိနေနိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သံသယ ရှိနေပါတယ်။

အဲဒီ ဆေးခြောက် စိုက်ခင်းဟာ ပိုကျယ်ပြန့်တဲ့ ကွန်ရက်တစ်ခုနဲ့ ဆက်နွယ်မှု ရှိသလား ဆိုတာကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေးနေပြီး ဆေးခြောက်ပင်တွေနဲ့အတူ ဖမ်းဆီးထားသူတွေကို ဆာမက်ဒမ် ရဲစခန်း စုံစမ်း စစ်ဆေးရေး အရာရှိတွေဆီ လွှဲပြောင်းထားကြောင်း မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းမှာ ဆေးခြောက် စိုက်ပျိုးမှုနဲ့ အပန်းဖြေသုံးစွဲခွင့်ကို အရင်အစိုးရလက်ထက်က တရားဝင် ခွင့်ပြုခဲ့ပြီး အရှေ့တောင်အာရှမှာ အဲဒီလို ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက်အတွက်ပဲ သုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ ပြင်ဆင်ချက် ထွက်ပေါ်လာခဲ့ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.