တနင်္သာရီ၊ ဒီဇင်ဘာ ၂

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပနပ်ငယ်ကျေးရွာမှာ ရော်ဘာအစေးခြစ်ဖို့ လာတဲ့ လင်မယားနှစ်ဦးဟာ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖထံကနေ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းလောက်မှာ ပနပ်ငယ်ကျေးရွာအနီးက ရော်ဘာခြံမှာ ရော်ဘာအစေးခြစ်ဖို့ လာတဲ့ အသက် ၃၀ အရွယ် လင်မယားနှစ်ဦးဟာ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အဲဒီလင်မယားနှစ်ဦးဟာ လက်နဲ့နောက်ကျောတွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာတော့ ရွာခံတွေက မြိတ်ခရိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ပနပ်ငယ်ကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီနေရာအနီးပတ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ်က ကင်းပုန်းဝပ်ထားတာလို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ် သိန်းခွန်နဲ့သဲဖြူကျေးရွာအနီးမှာ စစ်ရေးပြင်းထန်နေတာကြောင့် စစ်ကော်မရှင်တပ်က လက်နက်ခဲယမ်းရိက္ခာတွေပို့ဆောင်နေတာကြောင့် လမ်းတလျှောက်မှာ ယာဉ်တန်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်တာနဲ့ စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဖာနီကျေးရွာမှာ စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.