ပြင်ဦးလွင်၊ ဒီဇင်ဘာ ၂
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်နဲ့သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူတွေကို ရွေးချယ် မဲပေးကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့် ရေးကျောင်း (ဇီးပင်ကြီး)နဲ့ ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်)တို့ နည်းပြအရာရှိ၊သင်တန်းသား သင်တန်းသူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးကြဖို့ တိုက်တွန်းတာလို့ နားလည်ရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်လို့ မရနိုင်အောင် မြန်မာအီလက်ထရောနစ် မဲပေးစနစ် MEVM နဲ့ ဆန္ဒမဲ ပေးနိုင်ရေး စီမံဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်တန်းသား သင်တန်းသူတွေအနေနဲ့ ဆန္ဒမဲပေးရာမှာ တိုင်းပြည်နဲ့ ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူတွေကို ရွေးချယ်မဲပေးကြဖို့ တိုက်တွန်းခဲ့တာပါ။
အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် လာမယ့် ရွေးကောက်ပွဲမှာတော့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ အများဆုံး အမည်စာရင်း တင်သွင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

