မော်လမြိုင် ၊ ဒီဇင်ဘာ ၂
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံရေး ပါတီတွေဟာ အခုရက်ပိုင်းအတွင်း လုံခြုံရေးအပြည့်နဲ့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ လုံခြုံရေးကိုတော့ စစ်ကော်မရှင်တပ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအပြင် ပြည်သူ့စစ်အဖွဲ့ဝင် ဒေသအခေါ် ပျူစောထီးတွေပါ လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
လုံခြုံရေး ယူပေးတဲ့ နေရာမှာလည်း စစ်ကော်မရှင် လက်အောက်ခံတွေက ယူနီဖောင်းဝတ်တွေအပြင် အရပ်ဝတ်တွေနဲ့ပါ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ် စည်းရုံးတဲ့ နေရာတွေကို လိုက်ပြီး လုံခြုံရေး ယူပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ဒေသခံ တစ်ဦး ကတော့ နိုင်ငံရေး ပါတီတွေဟာ အခုနောက်ပိုင်း ရွာဘက်တွေမှာပါ မဲဆွယ်စည်းရုံးနေတာတွေကို တွေ့ရပြီး မဲဆွယ် စည်းရုံးတဲ့နေရာမှာတော့ လုံခြုံရေးကို ပြည်သူ့စစ်နဲ့ ရဲတွေ ဆောင်ရွက်ပေးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်ခြမ်းမှာ ဆိုလို့ရှိရင် မွန်ပါတီ ရှိမယ်။ ပြီးလို့ရှိရင် ပြည်ခိုင်ဖြိုး ရှိမယ်။ပြီးတော့ PPP ပြီးတော့ ဟို ပြည်သူ့ပါတီ ရှိမယ်။ ကျွန်တော်တွေ့တာကတော့ မဲဆွယ် စည်းရုံးတာဆိုလို့ရှိရင် ရွာဘက်ခြမ်းတွေတော့ တွေ့တာပေါ့။ လုံခြုံရေးထဲမှာ ဒီဘက်ခြမ်းမှာတွေဆိုတော့ ပြည်သူ့စစ်တွေ ပါလာတယ်။ ပြည်သူ့စစ်တွေ ဒီရဲတွေပေါ့”လို့ဆိုပါတယ်။
လုံခြုံရေး အပြည့်နဲ့ မဲဆွယ် စည်းရုံးနေတဲ့ နိုင်ငံရေးပါတီတချို့ ဟာ မဲဆွယ် စည်းရုံးမှုတွေကို နေအိမ် တစ်လုံးမှာ စုပြီး ဟောပြောတာ ရှိသလို တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင် လိုက်ဝေတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေး အပြည့်နဲ့ ပါတီ လှုပ်ရှားမှုတွေ အများကြီး လုပ်ဆောင်လာသလို လုံခြုံရေး ရှိတာကြောင့် တချို့ ပါတီတွေက ပြည်သူတွေကိုပါ ပါဝါပြလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပါတီ လှုပ်ရှားမှုတွေက အများကြီးပဲ။ ပြည်သူ့ပါတီတို့ PPP ရယ် နောက် ပြည်ခိုင်ဖြိုးရယ် မွန်အဖွဲ့ရယ် အများကြီးပဲ။ ဆိုင်းဘုတ်တွေ လိုက်တင်နေတယ်၊ ဒီနေ့ဆို ၉ နေရာတောင်မှ သူတို့ ဆိုင်းဘုတ်တင်တယ်။လမ်းပိတ်ထားတယ်။ လူတွေက အကြာကြီး နေပူထဲမှာ ရပ်စောင့်နေရတယ်။ ဆိုင်ကယ်တွေနဲ့ ကန့်လန့်ကြီး ပိတ်ပြီးတော့ သူတို့ တူညီ ဝတ်စုံတွေ ဝတ်ပြီးတော့ လူမိုက်တွေ လိုလို ဘာလိုလို ပါဝါ ပြနေတယ်။ ပြည်ခိုင်ဖြိုးဆို ပိုဆိုးတယ်”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတချို့ ဟာ အရင်က လုံခြုံရေးအကြောင်းပြချက်နဲ့ မြေပြင်အထိ ကွင်းဆင်းပြီး မဲမဆွယ်ရဲကြဘဲ အွန်လိုင်းကနေသာ မဲဆွယ်ခဲ့ကြရာမှ လက်ရှိမှာတော့ လုံခြုံရေးအပြည့်နဲ့ မြေပြင်အထိ မဲဆွယ်လာတာပါ။
အခုလို နိုင်ငံရေးပါတီတွေရဲ့ မြေပြင်အထိ ကွင်းဆင်းပြီး မဲဆွယ် စည်းရုံးမှုတွေ ပြုလုပ်လာပေမယ့် တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ ဒေသတွေမှာတော့ မြို့ပေါ်တွေ လောက်မှာသာ မဲဆွယ်ရဲ ကြပြီး ကျန်တဲ့နေရာတွေမှာတော့ မဲမဆွယ်ရဲကြဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးရမယ့်ရက်ကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားတာပါ။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် နိုင်ငံရေး ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်း တင်သွင်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MUP

