မီဒန်၊ နိုဝင်ဘာ ၂၉
အရှေ့တောင်အာရှတဝှမ်း ရက်များစွာကြာ ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေကြောင့် အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားတို့မှာ လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အရာရှိတွေက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
မုတ်သုန်ရာသီ မိုးသည်းထန်လွန်းပြီး အပူပိုင်းမုန်တိုင်းလည်း တိုက်ခတ်ခဲ့တာကြောင့် အဲဒီ ၃ နိုင်ငံမှာ ဒေသအများအပြား ရေမြုပ်သွားခဲ့ပြီး ဒေသခံတွေဟာ အဆောက်အဦခေါင်မိုးတွေပေါ်မှာ ပိတ်မိနေခဲ့ ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူးမာတြားကျွန်းမှာ ရေဘေး အဆိုးရွားဆုံး ကြုံရတဲ့ ဒေသတွေဆီ ရောက်ရှိနိုင်ဖို့ အရာရှိတွေ ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရပါတယ်။
ထိုင်းတောင်ပိုင်းက ဆေးရုံရဲ့ ရင်ခွဲရုံမှာ အလောင်းတွေ ထပ်ပြီး လက်မခံနိုင်တော့တာကြောင့် အရာရှိတွေက ရေခဲခန်းကားနဲ့ အလောင်းတွေကို သိမ်းဆည်းထားခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူးမာတြား ပြည်နယ်မှာ ရေမျက်နှာပြင် မြင့်တက်လာတာဟာ ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အခုသီတင်းပတ် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၇၄ ဦးထက် မနည်းရှိပြီး နောက်ထပ် ၈၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
လက်လှမ်းမမီနိုင်တဲ့ ဒေသတွေကို ကယ်ဆယ်ရေးသမားတွေ သွားရောက်ဖို့ ပြင်ဆင်နေချိန် သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့ အမျိုးသား ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ အကြီးအကဲ ဆူဟာယန်တိုက ပြောပါတယ်။
လက်လှမ်းမမီနိုင် ဖြစ်နေသေးတဲ့ ဒေသတွေ ရှိနေသေးပြီး အဲဒီဒေသတွေမှာ သေဆုံးသူတွေ ရှိနေနိုင်သေးတယ်လို့ ဆူဟာယန်တိုက ပြောပါတယ်။
ဆူးမာတြား မြောက်ပိုင်းမှာ တချို့ဒေသတွေဆီ သွားရောက်ဖို့ အခက်အခဲ ရှိနေသေးသလို ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဘေးကင်းရာ ပြောင်းရွှေ့ရေးနဲ့ ထောက်ပံ့ရေးကိုပဲ အဓိက အာရုံစိုက် လုပ်ဆောင်နေရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရာသီဥတု အခြေအနေကောင်းလာရင် အဆိုးရွားဆုံး ထိခိုက်ရာ ဒေသတွေဆီ ရဟတ်ယာဉ်နဲ့ သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆူးမာတြား မြောက်ပိုင်းရှိ အာချေးပြည်နယ်မှာ ရေကျသွားပြီနောက် ကားတွေဟာ ပြတင်းပေါက်နေရာလောက်အထိ ရွှံ့တွေ နစ်မြုပ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။
အရာရှိတွေက အခြေအနေ ကောင်းလာဖို့ မျှော်လင့်ထားပေမယ့် ဆူးမာတြားမှာ နောက်ထပ် မိုးရွာမယ်လို့ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း အဆိုးရွားဆုံး ရေဘေးသင့်ဒေသတွေမှာတော့ ဒေသခံတွေဟာ ခေါင်မိုးတွေပေါ်တက်ပြီး လှေနဲ့ လာကယ်မယ့်သူတွေကို စောင့်နေခဲ့ကြရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ သေဆုံးသူ ၁၄၅ ဦးထက် မနည်းရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ သီရိပွန်က နိုဝင်ဘာ ၂၈ ရက်က ပြောပါတယ်။
ဆောင်ကလာဒေသမှာ သေဆုံးသူ အများဆုံး ဖြစ်ပြီး ဆေးရုံမှာ အလောင်းတွေ ထားစရာ နေရာမရှိတော့တာကြောင့် အအေးခန်းကားတွေထဲမှာ သိမ်းဆည်းထားခဲ့ရပါတယ်။
သကြားနဲ့နို့တို့ အပါအဝင် စားစရာတွေ ခိုးယူခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မလေးရှားမှာ မိုးသည်းထန်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂ ဦး ရှိပြီးပါလစ်ပြည်နယ် မြောက်ပိုင်း တစ်ခုလုံး ရေဖုံးလွှမ်းသွားခဲ့ပါတယ်။
ဇွန်လနဲ့ စက်တင်ဘာကြား ပုံမှန် ကျရောက်လေ့ရှိတဲ့ မုတ်သုန်ရာသီကြောင့် မိုးသည်းထန်ပြီး မြေပြိုမှုတွေ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
အပူပိုင်း မုန်တိုင်းကြောင့် အခြေအနေ ပိုဆိုးသွားခဲ့ပြီး မကြာသေးခင်နှစ်တွေက အဲဒီနိုင်ငံတွေထဲမှာ ထိုင်းဟာ ရေကြီးရေလျှံမှု အများဆုံး ကြုံရတဲ့ နိုင်ငံ ဖြစ်လာပါတယ်။
Ref:AFP

