သရက်ချောင်း၊ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကစလို့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့အထိ သရက်ချောင်းမြို့နယ်ရှိ လဘ၊ ကတွဲ၊ သိမ်ကုန်း၊ ဘုတ်တောင်၊ ချောက်ချောင်း၊ မင်းဒပ်နဲ့ ပြင်ဖြူကြီးကျေးရွာတို့က နေအိမ် ၁၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ပြင်ဖြူကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းအား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ကျေးရွာအပြင်ဘက်ကမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပိတိုင်ကျေးရွာဘက်ကို ဆုတ်ခွာသွားတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သရက်ချောင်းမြို့နယ်မမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအရပ်သားပြည်သူ ၄၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi အဖွဲ့ရဲ့ အစီရင်ခံစာအရ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၉၃၀၀၀ ကျော်အထိ တိုးလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.