မော်လမြိုင် ၊ နိုဝင်ဘာ ၂၈

စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြဌာန်းထားတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေနဲ့ စတင် အရေးယူနိုင်ပြီလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့ပြီး အများပြည်သူသိရှိနိုင်ရေး နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြဌာန်းထုတ်ပြန်လာတာပါ။

ဥပဒေအရ ဘယ်သူမဆို စစ်အုပ်စုက ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မွန်ပြည်အတွင်းမှာ ဖြစ်စေ မွန်လူမျိုးကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံတာ၊ စာရင်းတင်သွင်းတာ၊ နိုင်ငံရေးပါတီအဖြစ် တည်ထောင်တာ၊ မှတ်ပုံတင်တာ မပြုရဘူးလို့ ဖော်ပြပါတယ်။

ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတစ်ခုခုမှာ ပါတီဝင်အဖြစ် ဝင်ရောက်တာ၊ တနည်းနည်းနဲ့ မဲဆွယ်စည်းရုံးတာ၊ အခကြေးငွေရယူတာဖြစ်စေ မရယူတာဖြစ်စေ အားပေးကူညီတာနဲ့ ပံ့ပိုးတာတွေကို ဘယ်သူမဆို မပြုလုပ်ရဘူးလို့ ဥပဒေမှာ ပြဌာန်းထားတာပါ။

တစ်ဘက်မှာ ဘယ်သူမဆို တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လာ‌ရောက်မဲပေးစေဖို့ အများပြည်သူ ဒါမှမဟုတ် ပြည်သူတစ်ဦးဦးကို စာနဲ့ဖြစ်စေ၊ နှုတ်နဲ့ ဖြစ်စေ အမိန့်ပေးတာ စည်းရုံးတာ၊ လှုံ့ဆော်တာ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ထောင် ဒဏ် ၅ နှစ်အထိ ဖြစ်စေ ဒဏ်ငွေရိုက်တာ၊ခံဝန်ကတိရေးထိုးတာနဲ့ လူမှုရေးပြစ်ဒဏ် တစ်ရပ်ရပ်ကို ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြပါတယ်။

တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ ဥက္ကဌ မိသုတဂျော်က ဥပဒေကို ပြည်သူတွေ သိရှိအောင် ပူးပေါင်းဆောင်ရွက်အောင် ပညာပေး လုပ်ဆောင်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်မယ်လို့ ပြောပါတယ်။

“ကျွန်မတို့ ပြဌာန်းထားတဲ့ ဥပဒေတွေလည်း ပြည်သူတွေကို ပညာပေးဖို့ ပြည်သူတွေ ပါဝင်မှုကိုလည်း အလေးထား ပညာပေးသွားဖို့ လက်ကမ်းစာစောင်များ စစ်တမ်းများ စတဲ့ ဆောင်ရွက်မှုတွေ ပြည်သူပညာပေးမှု ပြည်သူပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အရာများလည်း ပါတယ်။အဲဒီအတွက်ကြောင့် တားဆီးအပြစ်ပေးအရေးယူတာ အပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့တကွ ကျွန်မတို့နဲ့အတူ လုပ်ဆောင်သွားမယ်ဆိုရင် အဖွဲ့အစည်းတစ်ခု မှားနေတာကို ကျွန်မတို့က အတိုင်းအတာတစ်ခုအထိ အကောင်းဆုံး ဟန့်တားသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

ဥပဒေအရ ဖွဲ့စည်းတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်မှုတွေအတွက် ကော်မတီကနေ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခွင့် ရှိနေတာပါ။

ဒါ့အပြင် အရေးယူနိုင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ဌာနတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတာ အပါအဝင် ကောင်စီခွင့်ပြုချက်နဲ့ တခြားတော်လှန်ရေးအင်အားစုတွေက ဖွဲ့စည်းတဲ့ အစုအဖွဲ့တွေနဲ့ ပေါင်းစပ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

မြေပြင်အထိ ဥပဒေသက်ရောက်အောင် ကောင်စီဝင်တွေ တာဝန်ထမ်းဆောင်တဲ့ (မွန်ပြည်နယ်) နယ်မြေတွေအတွင်း လုပ်ဆောင်မှာဖြစ်ပြီး မဟာမိတ်တွေရဲ့ နယ်ပယ်အဝန်းအဝိုင်းအထိ အာဏာတည်အောင် ဆက်လက်ဆွေးနွေး ညှိနှိုင်းဖို့ လျာထားတယ်လို့ မိသုတဂျော်က ရှင်းပြပါတယ်။

ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့ လက်နက်ကိုင် လူသတ်လိုင်စင် ရယူရေး၊ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ရည်ရွယ်ပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို ကာလသုံးပါးစလုံးမှာ ဆန့်ကျင်သွားဖို့ ဖြစ်ပါတယ်။

ဒ့ါအပြင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း အများပြည်သူကို အသိပညာ‌ပေးရေးနဲ့ အဲဒီရွေးကောက်ပွဲကို ဦးစီးပြုလုပ်သူတွေ ပူးပေါင်းပါဝင်သူတွေနဲ့ အားပေးကူညီသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ဥပဒေမှာ ဖော်ပြထားတာပါ။

စစ်ကော်မရှင်ကလည်း သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားတာ ဖျက်ဆီးတာ စည်းရုံးလှုံ့ဆော်တာ ဝေဖန်ရေးသားတာတွေကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေနဲ့ အရေးယူနေတာ ဖြစ်ပါတယ်။

မွန်ဒေသခံပြည်သူတစ်ဦးကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနည်းနဲ့အများ ပါဝင်ပတ်သက်ရမှာဖြစ်လို့ အခုလို ဥပဒေပြဌာန်းတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်တိုးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်တိုးလာတာပေါ့ဗျာ။ တစ်ဘက်မှာရှိတဲ့ မြို့ကို မစွန့်ခွာနိုင်ဘဲနဲ့ ဒီမြို့မှာပဲ ကုတ်ကပ်ပြီး ဒုက္ခသုခတွေ ခံပြီးတော့ လုပ်စားနေရတဲ့ ပြည်သူတွေကတော့ အနည်းနဲ့အများတော့ ရွေးကောက်ပွဲနဲ့ ပါဝင်ပတ်သက်ကို ပတ်သက်ရမယ်။ မပတ်သက်ရင် တစ်ဘက်ကလည်း (စကမရဲ့ ဖိအားပေးမှု) စိုးရိမ်ရတယ်။ပတ်သက်ပြန်ရင်လည်း တစ်ဘက်က (MSFC) အခုလိုမျိုး ဥပဒေတွေက ထုတ်ပြန်ထားတယ်ဆိုတော့ အဓိက ဖြစ်ချင်တာကဗျာ ဘာဖြစ်ချင်လဲပေါ့။ အဓိက ပြည်သူတွေက ဘာလုပ်ပေးရမှာလဲပေါ့။ဟိုဘက်ကလည်း အမိန့်နဲ့ထုတ်ပြန် ၊ ဒီဘက်ကလည်း အမိန့်နဲ့ ထုတ်ပြန်ဆိုတော့ နှစ်ဖွဲ့လုံးက ပြည်သူအတွက် လုပ်နေတယ်ဆိုတော့ ပြည်သူက ဘယ်သူ့အတွက် လုပ်နေရတာလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေက မေးခွန်းပြန်ထုတ်နေရတဲ့ အနေအထားဖြစ်လာတယ်”လို့ ဆိုပါတယ်။

မိသုတဂျော်ကတော့ တရားမဝင် အတုအယောင်ရွေး‌ကောက်ပွဲကို ဆန့်ကျင်တားဆီးနိုင်ရေး ပြည်သူတွေရဲ့ ပါဝင်မှုနဲ့ ကောင်စီရဲ့ ကြိုးစားမှုဟာ တရားစီရင်ရေးနည်းလမ်းအရ မှားနေတာကို ထောက်ပြပြီး လူ့အခွင့်အ‌ရေးအတွက် လုပ်ဆောင်နေတာလို့ မှတ်ချက်ပြုပါတယ်။

တရားစီရင်ရေးနည်းလမ်းနဲ့ အရေးယူရာမှာ ဥပဒေပါ ပြစ်မှုတွေကို စီရင်ဖို့ ကောင်စီရဲ့ သဘာပတိ ဒါမှမဟုတ် ကောင်စီသဘာပတိရဲ့ တာဝန်ပေးအပ်ထားသူကနေ အာဏာအပ်နှင်း ဖွဲ့စည်းပေးထားတဲ့ တရားရုံးအနေနဲ့ ပုဒ်မ ၂၃ အရ လွှဲအပ်တိုင်တန်းလာတဲ့ အမှုတွေကို စစ်ဆေးစီရင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အယူခံဝင်ရောက်ခြင်းနဲ့ ပြင်ဆင်မှုတင်သွင်းတာတွေလည်း ပြုလုပ်နိုင်ပြီး အဲဒီအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ တရားရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်မအခြေစိုက် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလူမျိုးအခြေပြု နိုင်ငံရေးပါတီတွေ ၈ ပါတီ ထက်မနည်း စာရင်းသွင်းထားတာပါ။

အဲဒီထဲမှာ ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီ အပါအဝင် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကျားဖြူပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စတာတွေ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.