မော်လမြိုင် ၊ နိုဝင်ဘာ ၂၈

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့သူတွေထဲမှာ မွန်ပြည်နယ်က ၁၂ ဦး ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ လူပေါင်းသုံးထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးအပ်လိုက်တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး၊ သထုံအကျဉ်းထောင်က အမျိုးသား ခြောက်ဦး ၊ စုစုပေါင်း ၁၂ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့တာပါ။

စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ဖို့ဆိုကာ ပုဒ်မ ၅၀၅(က) အရ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၃၆၁ ဦးကို ကျန်ရှိတဲ့ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းသက်သာ ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅(က) အရ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား အကျဉ်းသူ ၇၂၄ ဦးကိုလည်း နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ဦးကိုလည်း စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမှု ပိတ်သိမ်းလိုက်တယ်လို့ ကြေညာထားပါတယ်။

မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေထဲမှာတော့ နိုင်ငံတဝန်းကနေ နိုင်ငံရေး ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၀၀ ဦးထက်မနည်း ရှိတယ်လို့ အကျဉ်းဦးစီးနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.