ဝါရှင်တန်၊ နိုဝင်ဘာ ၂၇
အိမ်ဖြူတော်အနီး အမျိုးသားအစောင့် တပ်ဖွဲ့ဝင် နှစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူဟာ အာဖဂန်နစ္စတန်နိုင်ငံသား ဖြစ်ကြောင်း ဖော်ထုတ် သိရှိပြီးနောက် အာဖဂန်နစ္စတန် နိုင်ငံသားတွေအတွက် ရွှေ့ပြောင်းနေထိုင်ခွင့် တောင်းခံမှုတွေ အားလုံးကို အမေရိကန် အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။
လုံခြုံရေးနဲ့စစ်ဆေးရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရေး လုပ်ဆောင်ဖို့ ရှိနေတဲ့ အတွက် အခုလို ဆုံးဖြတ်ရတာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံသား ဖြစ်မှုနဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာဌာနက ပြောပါတယ်။

အမျိုးသားအစောင့်တပ်ဖွဲ့ဝင် စစ်သား နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ပစ်ခတ်တိုက်ခိုက်မှုအတွက် သံသယရှိသူဟာ ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန်ကို ပြောင်းရွှေ့လာသူ ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်ဖြစ်ပြီး အမေရိကန်နဲ့ မသက်ဆိုင်တဲ့ နိုင်ငံခြားသားတွေကို ဖယ်ရှားရေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပါတယ်။

သမ္မတဟောင်း ဂျိုး ဘိုင်ဒန်လက်ထက် ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမှုနဲ့အတူ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပွားပြီးနောက် အမေရိကန်ရဲ့ လူဝင်မှုဆိုင်ရာ အထူးကာကွယ်စောင့်ရှောက်ပေးမှုနဲ့အတူ အာဖဂန်နစ္စတန်နိုင်ငံသား ထောင်ပေါင်းများစွာ ဝင်ရောက်လာခဲ့ပါတယ်။
သမ္မတ ဘိုင်ဒန် လက်ထက်က အမေရိကန်နိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံသား အားလုံးကို စစ်ဆေးဖို့ လိုအပ်ကြောင်း ထရန့်က ပြောထားပါတယ်။
သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်အနီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် နှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး လေးကြိမ်တိုင် ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ထရန့်က ရာဇဝတ်မှု တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ မြို့တွေဆီ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်တွေ ချထားပြီး ဘုရင် အလိုမရှိဆိုတဲ့ ထရန့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
Ref:BBC

