ဟောင်ကောင်၊ နိုဝင်ဘာ ၂၇

ဟောင်ကောင်ရဲ့ တိုင်ပိုဒေသမှာ အထပ်မြင့် လူနေအဆောက်အဦတွေ ကြီးကြီးမားမား မီးလောင်မှု ဖြစ်ပွားပြီး လူ ၄၄ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။

ပျောက်ဆုံးနေသူ ၂၇၉ ဦး ရှိပြီး ဝါးနဲ့ ပလတ်စတစ်ပစ္စည်းတွေ အပါအဝင် မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ထားရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ အရာရှိ သုံးဦး လူသေဆုံးစေမှု သံသယနဲ့ ဖမ်းဆီးခံထားရပါတယ်။

မီးလောင်ကျွမ်းချိန် ၁၈ နာရီကျော် ကြာမြင့်ခဲ့ပြီး မီးသတ်သမား ၈၀၀ ကျော်က မီးငြိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ်ဌာနက ပြောပါတယ်။

အဲဒီ မီးလောင်ကျွမ်းမှုကို အဆင့် ၅ အဖြစ် သတ်မှတ်ခဲ့ပြီး ဟောင်ကောင်မှာ အမြင့်ဆုံး အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် မီးလောင်ကျွမ်းမှုအတွင်း သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မီးငြိမ်းသတ်ဖို့ ကြိုးစားရင်းနဲ့ သေဆုံးသွားခဲ့တဲ့ မီးသတ်သမား တစ်ဦးကို ဟောင်ကောင်အစိုးရက ဂုဏ်ပြုထားပါတယ်။

အထပ်မြင့် အဆောက်အဦတွေမှာ နေထိုင်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့ ဒေသခံတွေက အစိုးရကို အကူအညီ တောင်းထားပါတယ်။

ဒေသတွင်း ခန်းမတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ အပြည့်ထားရှိပြီး မီးဘေးသင့်ဒေသခံတွေကို ရေနဲ့ အစားအစာတွေ ပေးဝေနေပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အထပ်မြင့် အဆောက်အဦတွေကနေ လူရာပေါင်းများစွာကို ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။

မီးစတင်လောင်ကျွမ်းချိန်မှာ အဆောက်အဦထဲနေသူတွေ သတိမထားမိခဲ့ဘဲ အပြင်က လူတွေက ဖုန်းဆက်တော့မှ မီးလောင်နေကြောင်း သိရှိပြီး ဓာတ်လှေကားနဲ့ ဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားတဲ့ အဆောက်အဦတွေ အနားမှာရှိတဲ့ စာသင်ကျောင်းတွေမှာ သင်ကြားပို့ချမှု ရပ်တန့်ထားတယ်လို့ ဟောင်ကောင် ပညာရေးဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းမှုအတွင်း ထိခိုက်ဒဏ်ရာကြောင့် အပြင်းအထန် ဝေဒနာ ခံစားနေရသူ ၄၅ ဦး ရှိတာကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး နှစ်ဦးနဲ့ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသေဆုံးစေမှုနဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေပါတယ်။

ပြန်လည် ပြင်ဆင်ဆောက်လုပ်ရာမှာ ပလတ်စတစ်အပြားတွေနဲ့ တံခါးပေါက်တွေကို ပိတ်ထားပြီး ဝါးနဲ့ လုပ်ထားတဲ့ ငြမ်းတွေကြောင့် မီးလောင်ကျွမ်းမှု လျင်မြန်စွာ ပျံ့နှံ့သွားပုံရတယ်လို့ အရာရှိတွေက ဆိုပါတယ်။

အဆောက်အဦ ၈ ခုမှာ ညကတည်းက လောင်ကျွမ်းတဲ့ မီးကို ထက်ဝက်လောက် ထိန်းချုပ်ထားနိုင်ပေမယ့် နိုဝင်ဘာ ၂၇ ရက်အထိ မီးခိုးတွေ ထွက်နေဆဲ ဖြစ်ပါတယ်။

အဲဒီ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရေး နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းလောက်အထိ အချိန်ယူရနိုင်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ဟောင်ကောင်မှာ အဆင့် ၅ မီးလောင်ကျွမ်းမှု နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ၁၇ နှစ် အကြာမှာ အခုလို ကြီးမားတဲ့ မီးလောင်ကျွမ်းမှုနဲ့ ထပ်မံ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ညအချိန် မီးလောင်ကျွမ်းတာကြောင့် မီးငြိမ်းသတ်ရာမှာ အခက်အခဲတွေ ရှိတယ်လို့ ဟောင်ကောင် မီးသတ်ဌာနက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.