ဟတ်ယိုင်၊ နိုဝင်ဘာ ၂၇

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာချိန်မှာ အာဏာပိုင်တွေက နာမကျန်း ဖြစ်နေသူတွေကို လေကြောင်းနဲ့ ကယ်ထုတ်ပြီး အောက်စီဂျင်ဗူးတွေ အပါအဝင် အရေးကြီးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၉ ခုနဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၈ ခုမှာ နှစ်နှစ်ဆက်တိုက် ရေကြီး ရေလျှံမှုတွေနဲ့ ကြုံတွေ့ရတာကြောင့် နှစ်နှစ်နိုင်ငံစလုံးမှာ လူ ၅၀၀၀၀ လောက်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။

မလေးရှားမှာ ရေကြီး ရေလျှံမှုတွေကြောင့် လူ တစ်ဦး သေဆုံးပြီး အင်ဒိုနီးရှားမှာ ရေကြီးရေလျှံမှု မြေပြိုမှုတွေကြောင့် အခု သီတင်းပတ်အတွင်း လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး သုံးရက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတစ်ခုလုံးနီးနီး ရေမြုပ်နေပါတယ်။

တောင်ပိုင်း စီးပွားရေးလုပ်ငန်း စုရပ်မြို့မှာ ဆေးရုံတွေ ရေမြုပ်နေသလို အဆောက်အဦ ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေသူ ထောင်နဲ့ချီ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဟတ်ယိုင်မြို့မှာ တစ်ရက်တည်း မိုးရေချိန် ၃၃၅ မီလီမီတာ ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၃၀၀ အတွင်း တစ်ရက်တည်း မိုးရွာသွန်းမှု စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ရေး နာမကျန်းသူတွေကို ကယ်ထုတ်ရေး ထိုင်းစစ်တပ်က သူတို့ရဲ့ တစ်စီးတည်းရှိတဲ့ လေယာဉ်တင်သင်္ဘောကို အသုံးပြုနေသလို လှေတွေ ရဟတ်ယာဉ်တွေလည်း ချထား ပေးပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ပင်လယ်ရေ မျက်နှာပြင် အပူချိန် မြင့်တက်လာသလို ပြင်းထန်တဲ့ မုန်တိုင်းတွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။

ပြည်နယ် ၇ ခုမှာ သေဆုံးသူ ၃၃ ဦး ရှိတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သီရိပွန် အန်ကာဆာကု ကတ်က ဘန်ကောက်မြို့ကနေ ပြောထားပါတယ်။

ရေစီးနဲ့ မျောပါသွားတာ၊ ရေနစ်တာ၊ ဓာတ်လိုက်တာနဲ့ မြေပြိုမှုတွေကြောင့် လူသေဆုံးမှု ဖြစ်ရတာ ဖြစ်တယ်လို့ အစိုးရပြောခွင့်ရသူက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်က ဟတ်ယိုင်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး ရေက လူတစ်ယောက် ခါးပိုင်းလောက်အထိ မြုပ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ရေတွေ တဖြည်းဖြည်း လျော့လာပြီ ဖြစ်ပေမယ့် ရေစီးက ပြင်းထန်နေဆဲ ဖြစ်တာကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ အခက်အခဲ ရှိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

လူပေါင်း ၇၇၀၀၀ က လူမှုမီဒီယာကတဆင့် အကူအညီ တောင်းထားပြီး အရာရှိတွေက လှေအစီး ၂၀၀ ရဟတ်ယာဉ် အစီး ၂၀ ချထား ပေးပါတယ်။

ခေါင်မိုးပေါ်မှာ တက်နေနေရတဲ့ ဒေသခံတွေကို စစ်တပ် ရဟတ်ယာဉ်တွေက ကယ်ဆယ်ရေး ထောက်ပံ့ရေး ပစ္စည်းတွေ ချပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.