တိုကျို၊ နိုဝင်ဘာ ၂၇

တိုကျိုနဲ့ ဘေဂျင်းကြား သံတမန်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ထိုင်ဝမ်ရဲ့ အချုပ်အခခြာ အာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်ကို ရန်မစဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီကို နိုဝင်ဘာ ၂၇ ရက်မှာ အကြံပေးထားကြောင်း Wall Street Journal ကဖော်ပြပါတယ်။

တရုတ်က သူတို့ ကိုယ်ပိုင် နယ်နိမိတ်လို့ ပြောဆိုထားပေမယ့် ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် စစ်ရေးအရ ပါဝင်ရနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီးနောက် အာရှရဲ့ အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား အပြင်းထန်ဆုံး အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။

နိုဝင်ဘာ ၂၄ ရက်က ဖုန်းခေါ်ဆိုမှုအတွင်း သမ္မတ ရှီကျင်းဖျင်က ထိုင်ဝမ်ကို တရုတ် အုပ်ချုပ်မှုအောက် ထားရှိရေးဟာ တရုတ်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာအမြင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ ဖုန်းခေါ်ဆိုမှုအတွင်း ထရန့်က ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာနဲ့ပတ်သက်လို့ တရုတ်ကို ရန်စ ပြောဆိုမှုတွေ မလုပ်ဖို့ အကြံပေးခဲ့တာပါ။

ထရန့်က တရုတ်ကို ရန်မစဖို့ ဝန်ကြီးချုပ် တာကာအီချီကို အကြံပေးခဲ့ပေမယ့် သူ့ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ နောက်ဆုတ်ဖို့ ပြောဆိုခဲ့တာ မရှိဘူးလို့ Wall Street Journal က ဖော်ပြထားပါတယ်။

တာကာအီချီရဲ့ ရုံး ပြောရေးဆိုခွင့် ရှိသူဆီ မှတ်ချက်ပြုဖို့ AFP သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားမှု မရှိပါဘူး။

ထိုင်ဝမ်ကို သူတို့ အုပ်ချုပ်မှုအောက် ထားရှိရေး အင်အားသုံးမယ်လို့ ပြောထားတဲ့ တရုတ်က ဝန်ကြီးချုပ် တာကာအီချီရဲ့ ပြောဆိုမှုတွေကို ဒေါသတကြီး တုံ့ပြန်ထားပြီး တိုကျို သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဂျပန်သို့ ခရီးမသွားကြဖို့လည်း တရုတ်နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံသားတွေဟာ အကြောင်းမဲ့ ရိုက်နှက် စော်ကားခံနေရပြီး ဒဏ်ရာရရှိနေတာကြောင့် ဂရုစိုက်ပြီး နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဂျပန်မှာ ရာဇဝတ်မှုတွေ မြင့်တက်လာနေတယ်လို့ တရုတ်က ပြောထားပေမယ့် ဂျပန်က ရာဇဝတ်မှု မြင့်တက်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ထရန့်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ဝန်ကြီးချုပ် တာကာအီချီက နှစ်နိုင်ငံ ဆက်ဆံရေး အကြောင်း ဆွေးနွေးခဲ့တယ်လို့ဆိုပေမယ့် ထရန့်ရဲ့ ပြောဆိုမှုတွေက စိုးရိမ်စရာကောင်းတယ်လို့ ဂျပန်အရာရှိတွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.