ဂျကာတာ၊ နိုဝင်ဘာ ၂၆
ခွေးရူးပြန်ရောဂါ ပျံ့နှံ့မှု တားဆီးရေး အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ခွေးသား ၊ကြောင်သားနဲ့လင်းနို့သား ရောင်းချမှု၊စားသုံးမှုကို တားမြစ်လိုက်ကြောင်း မြို့တော် အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာလိုက်တာကြောင့် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ ရရှိခဲ့ပါတယ်။
ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်တွေကို အစားအစာအဖြစ် ရောင်းချမှုကို တားမြစ်ကြောင်း သတ်မှတ်မယ်လို့ ပြီးခဲ့တဲ့လက ကတိပြုခဲ့ပြီးနောက် အဲဒီ တားမြစ်မှု ဥပဒေကို နိုဝင်ဘာ ၂၄ ရက်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ပရာအိုနို အနွန်က ပြောပါတယ်။

ဥပဒေစည်းကြပ်မှု မစတင်ခင် ၆ လ ရွှေ့ဆိုင်းမှုကာလ သတ်မှတ်ထားမှာ ဖြစ်ကြောင်း AFP သတင်းဌာနက ကြည့်ရှုခွင့်ရရှိခဲ့တဲ့ စာရွက်စာတမ်းအရ သိရပါတယ်။
ဥပဒေချိုးဖောက်မှုတွေအတွက် စာရေး သတိပေးမှုတွေကနေ လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံရတာအထိ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီ တားမြစ်ချက်မှာ သက်ရှိ တိရစ္ဆာန်တွေ၊ အသားနဲ့ အသားစိမ်း ဒါမှမဟုတ် တာရှည်ခံအောင် လုပ်ထားတဲ့ အသားအားလုံး ပါဝင်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ မျိုးစိပ်တွေ ပါဝင်တဲ့ လုပ်ရပ်မှန်သမျှကို တားမြစ်သွားမှာ ဖြစ်ပါတယ်။

ကန့်ကွက်မှုတွေ ပိုများလာပြီး မြို့ တချို့မှာတော့ ဒေသဆိုင်ရာ တားမြစ်မှုတွေ ပြုလုပ်ထားပေမယ့် ကြောင်သားနဲ့ခွေးသား ရောင်းချခွင့်ပေးထားတဲ့ နိုင်ငံ အနည်းငယ်ထဲမှာ အင်ဒိုနီးရှား ပါဝင်နေပါတယ်။
အဲဒီ ဥပဒေကို တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုပြီး အင်ဒိုနီးရှား နိုင်ငံသား အားလုံးကို ကာကွယ်ရေး ဖွဲ့စည်းပုံပါ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ မူဝါဒ ဖြစ်သလို ယဉ်ကျေးတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေမယ့် မူဝါဒ ဖြစ်တယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားမှာ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် သေဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောထားပါတယ်။
၂၀၂၅ ဇန်နဝါရီနဲ့ မတ်လကြား ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၂၅ ဦးရှိကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
မွတ်စလင် အများစု နေထိုင်ရာ အင်ဒိုနီးရှားမှာ ခွေးတွေကို သန့်ရှင်းမှု မရှိတဲ့ တိရစ္ဆာန် အဖြစ် ရှုမြင်ထားကြပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် လူနည်းစု မွေးမြူကြပေမယ့် တချို့ဒေသတွေမှာ ကြိုက်နှစ်သက်စရာ စားစရာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
တခြား အာရှနိုင်ငံ တချို့မှာလည်း ခွေးသားဟာ ပရိုတိန်း ဓာတ်ကြွယ်ဝတဲ့ တန်ဖိုးနည်း အသားအဖြစ် စားသုံးမှု ရှိနေဆဲ ဖြစ်ပါတယ်။
Ref:AFP

