ဆိုးလ်၊ နိုဝင်ဘာ ၂၅
အစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားတဲ့ မြောက်ကိုရီးယားနဲ့ မတော်တဆ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က နိုဝင်ဘာ ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။
ဇွန်လက စတင် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း ပြုံးယမ်းနဲ့ တင်းမာမှုတွေ လျှော့ချရေး အများကြီး ဆောင်ရွက်ထားတဲ့ သမ္မတ လီက မြောက်ကိုရီးယားနဲ့ ကြိုတင် သတ်မှတ်ချက်တွေ မရှိဘဲ ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။

အဲဒီလို သမ္မတ လီရဲ့ ကမ်းလှမ်းမှုကို မြောက်ကိုရီးယားက တုံ့ပြန်မှု မရှိသေးပါဘူး။
ကိုရီးယားနိုင်ငံအချင်းချင်း ဆက်ဆံရေးဟာ စိတ်မကောင်းစရာ ကောင်းလောက်အောင် ရန်လိုလာပြီး ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်လာတယ်လို့ တောင်အာဖရိကမှာ G-20 အစည်းအဝေး တက်ရောက်ပြီး တူရကီသို့ သွားနေတဲ့ လေယာဉ်ပေါ်မှာ တောင်ကိုရီးယားသမ္မတက သတင်းထောက်တွေကို ပြောပါတယ်။
အခြေခံအကျဆုံး ယုံကြည်မှု အဆင့်မျိုးတောင် မရှိဘဲ မြောက်ကိုရီးယားက အရမ်းပြင်းထန်တဲ့ ကြေညာချက်တွေ ထုတ်နေသလို အရမ်းပြင်းထန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ သမ္မတ လီက ဆိုပါတယ်။

ဥပမာတွေထဲက တစ်ခုအနေနဲ့ မြောက်ကိုရီးယားဟာ နယ်စပ်က သံဆူးကြိုး အကာအရန်ကို သုံးထပ် တိုးကာလိုက်တာပဲ ဖြစ်တယ်လို့ သမ္မတ လီက ပြောပါတယ်။
မတော်တဆ တိုက်ပွဲတွေ ဘယ်အချိန် ဖြစ်လာမလဲဆိုတာကို မိမိတို့ မသိတဲ့ အခြေအနေ တစ်ရပ်ဆီ ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားက ဆက်သွယ်ဖို့ ဆွေးနွေးဖို့ အားလုံးကို ငြင်းဆိုနေပြီး အရမ်း အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုနဲ့ ကြုံနေရကြောင်း၊ ဒါပေမဲ့ တောင်ကိုရီးယားအနေနဲ့ အမြဲ လမ်းဖွင့်ထားပြီး မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ ကြိုးပမ်းသွားမယ်လို့ သမ္မတလီက ပြောပါတယ်။
၇ နှစ်အတွင်း ပထမဆုံး ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအနေနဲ့ တောင်ကိုရီးယားက နယ်စပ် တိုက်ခိုက်မှုတွေ ရှောင်လွှဲနိုင်ရေး မြောက်ကိုရီးယားနဲ့ စစ်ရေး ဆွေးနွေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကမ်းလှမ်းခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ရေး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ သဘောတူညီမှုကို ရှုတ်ချပြီး တုံ့ပြန်ခဲ့ပါတယ်။
နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မယ်ဆိုရင် တခြားနိုင်ငံတွေကြားမှာလည်း အလားတူ လုပ်ရပ်တွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
အရင်သမ္မတ လက်ထက်တုန်းကလို မဟုတ်ဘဲ တောင်ကိုရီးယားဟာ လီဂျေးမြောင် လက်ထက်မှာ နယ်စပ်က ဝါဒဖြန့် အသံချဲ့စက်တွေကို ပြန်သိမ်းယူထားမှု အပါအဝင် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ လျှော့ချရေး ခြေလှမ်းတွေ အများကြီး လုပ်ဆောင်ထား ပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင် ရှုတ်ချပြီး မိမိတို့ကို ထိပ်တိုက် ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်နေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref:AFP

