ဝါရှင်တန်၊ နိုဝင်ဘာ ၂၅

စစ်ကော်မရှင် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အခြေအနေ တိုးတက်မှု အထောက်အထား ဖြစ်တယ်လို့ အမေရိကန်အစိုးရက နိုဝင်ဘာ ၂၄ ရက်မှာ ပြောကြားပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ မိခင်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လို့ရတဲ့အတွက် တရားဝင် ယာယီနေထိုင်ခွင့်ကို အဆုံးသတ်လိုက်ကြောင်း ကြေညာပါတယ်။

အဲဒီ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်တဲ့အတွက် အမေရိကန်ရောက် မြန်မာ နိုင်ငံသားတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

မြန်မာအတွက် သတ်မှတ်ထားတဲ့ ယာယီကာကွယ်ပေးမှုသတ်မှတ်ချက် TPS ကို နောက်ထပ် မလိုအပ်တော့ဘူးလို့ ဝန်ကြီး ခရစ္စတီ နိုအမ်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး ကောက်ချက်ချခဲ့တယ်လို့ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ကြေညာချက် တစ်ရပ် ထုတ်ပြန် အတည်ပြုထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မြန်မာနိုင်ငံသားတွေ ပြန်သွားလို့ ရလောက်အောင် တိုးတက်လာပြီ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ ယာယီ ကာကွယ်ပေးရေး သတ်မှတ်ချက်ကို အဆုံးသတ်လိုက်တယ်လို့ ဝန်ကြီး ခရစ္စတီ နိုအမ်က ပြောတာပါ။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာချက် အဆုံးသတ်မှု၊ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားမှု၊ အောင်မြင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေအပါအဝင် အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုအပိုင်းမှာ သိသာတဲ့ အခြေအနေ တိုးတက်မှု ရှိပြီး တိုးတက်လာတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကြောင့် အများပြည်သူ ဝန်ဆောင်မှုနဲ့ ပြန်လည် ရင်ကြားစေ့ရေး အခြေအနေ တိုးတက်လာစေဖို့ အထောက်အကူ ဖြစ်စေတယ်လို့လည်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ လုပ်ရပ်ကို တရားဝင် အတည်ပြုမှုအတွင်း အမေရိကန် အမိမြေလုံခြုံရေးဌာနက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာ မြန်မာ စစ်တပ် စေ့စပ် ပါဝင်မှုအတွက် ချီးကျူးထားပါတယ်။

တရုတ်ကလည်း ကြားဝင် ညှိနှိုင်းပေးတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ဆွေးနွေးမှုတွေဟာ အရင်က ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ နှိုင်းယှဉ်ရင် သဘောကျစရာကောင်းတယ်လို့လည်း အမေရိကန်ရဲ့ အတည်ပြုကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသတ်မှတ်ချက်ကြောင့် အမေရိကန်မှာ ယာယီ နေထိုင်ခွင့်ရနေတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ လောက်အတွက် ခွင့်ပြုချက်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အတိုက်အခံ ပါတီ တချို့ကို တားမြစ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထောင်ချထားဆဲ အခြေအနေမှာ ဒီဇင်ဘာနဲ့ ဇန်နဝါရီအတွင်း စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြောဆိုထားချိန် အမေရိကန်ရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဖော်ပြချက်နဲ့ ပြောင်းပြန်အနေနဲ့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုအပိုင်းမှာ ဘာတိုးတက်မှုမှ မရှိဘဲ အရေးပေါ်အခြေအနေ အဆုံးသတ်မှုဟာလည်း ထိရောက်မှုအပိုင်းမှာ အဓိပ္ပါယ် မရှိဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှဆိုင်ရာ အကြံပြု ညွှန်ကြားရေးမှူး ဂျွန်ဆစ်ဖ်တွန်က ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာလည်း ဟန်ပြသဘော အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ထရန့်ရဲ့ ရီပက်ဘလေကန်ပါတီ အဖွဲ့ဝင်တွေက မြန်မာ စစ်ခေါင်းဆောင်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ တိုက်တွန်း နှိုးဆော်ထားချိန်မှာ အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မငြိမ်သက်မှုတွေ၊ ပြည်တွင်း ဥပဒေစည်းကြပ်ရာမှာ တစ်ဖက်သတ် လုပ်ဆောင်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံသို့ ခရီးမသွားကြဖို့ အမေရိကန် နိုင်ငံသားတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး အစီရင်ခံချက်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.