မော်လမြိုင် ၊ နိုဝင်ဘာ ၂၅

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ ကောင်စီ ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းမှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်ပါတယ်။

NUCC ကနေ KNPP နဲ့ KNU တို့ ယာယီရပ်ဆိုင်းခြင်း အကြောင်းကြားစာကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ NUCC ရဲ့ သတင်းပြန်ကြားရေးနဲ့ လူထုဆက်ဆံရေးအလုပ်အဖွဲ့က နိုဝင် ဘာ ၂၂ ရက်နေ့မှာ အသိပေးခဲ့တာပါ။

အဲဒီအကြောင်းကြားစာရရှိတဲ့ နေ့ကစပြီး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ ညှိနှိုင်းဆောင်ရွက်ဖို့ NUCC က သဘောတူပြင်ဆင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုကာလဟာ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ KNPP နဲ့ KNU အဖွဲ့တွေရဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်ပြီး NUCC အနေနဲ့ တော်လှန်ရေးကို ရှေးရှုကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်တွေအရ တာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

KNPP ကတော့ ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းမှုဟာ နိုင်ငံရေးချဉ်းကပ်မှုကို ပိုကောင်းမွန်အောင် ဦးတည်တာဖြစ်သလို နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ဆုံးဖြတ်တဲ့ ကိစ္စတွေမှာ ပြုပြင်စေချင်တဲ့ သဘောလို့ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ဆန်းမြင့်က သံလွင်တိုင်းမ်ကို ပြောထားတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ NUCC ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းမှုနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ သံလွင်တိုင်းမ်က ထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ၂၀၂၁ ခုနှစ် မတ်လဆန်းမှာ ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကာလ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NUG ကို မူဝါဒအရ အကူအညီတွေ ပေးနိုင်အောင် လုပ်ဆောင်ပေးနေတာပါ။

အဲဒီထဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီတွေနဲ့ သပိတ်ကော်မတီတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ ကချင်က KPICT အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ကောင်စီဝင်အဖြစ်ကနေ ပါဝင်မှုကို ရပ်နားပြီး နုတ်ထွက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUCC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.