မြဝတီ၊ နိုဝင်ဘာ ၂၄

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာထဲမှာရှိတဲ့ DKBA တပ်ဖွဲ့ လုံခြုံရေးယူထားတဲ့ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ချိန် မင်းလက်ပံရွာအလယ်မှာရှိတဲ့ တရုတ်ကျားဖြန့်ရုံကို လုံခြုံရေးစောင့်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဗိုလ်သခွားသီးအဖွဲ့က တပ်မဟာ ၆ ပူးပေါင်းအဖွဲ့ကို စပြီးပစ်ခတ်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုထားပါတယ်။

DKBA ဗိုလ်သခွားသီးအဖွဲ့နဲ့ KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၆ ပူးပေါင်းအဖွဲ့က တရုတ်ကျားဖြန့်ရုံကို ဝင်ရောက်စီးနင်းခဲ့ရာ ဗိုလ်သခွားသီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ရှိတဲ့ DKBA တပ်သား ၂၀ နဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးသိမ်းဆည်းလိုက်တာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ လွတ်မြောက်ရေးအတွက် DKBA တာဝန်ရှိသူတွေနဲ့ KNLA တာဝန်ရှိသူတို့အကြား နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

မင်းလက်ပံရွာထဲမှာ DKBA က လုံခြုံရေးယူပေးနေတဲ့ တရုတ်ကျားဖြန့်ရုံ ၃ ရုံရှိခဲ့ရာ KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တဲ့ ကျားဖြန့်ရုံဟာ ရွာအလယ် မင်းလက်ပံဈေးအနီးမှာရှိတဲ့ ကျားဖြန့်ရုံဖြစ်ပြီး ရုံ ၃ ရုံထဲမှာ ကျားဖြန့်တရုတ်လုပ်သားတွေရှိနေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

မင်းလက်ပံရွာမှာ နိုဝင်ဘာ ၂၁ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်က ထပ်မံပြီး စစ်ကြောင်းထိုးလာတာတဲ့အတွက် KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တချို့ဟာ မင်းလက်ပံရွာအနီး ဖလူးကြီးရွာက တရုတ်ကျားဖြန့်ရုံထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ DKBA တပ်သားအချို့ သေဆုံးတာတွေရှိခဲ့ပါတယ်။

မင်းလက်ပံတိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲကို ထွက်ပြေးရောက်ရှိလာခဲ့ပြီး ထိုင်းစစ်တပ်က စစ်ကားတန်းတွေနဲ့ လှည့်လည်စောင့်ကြည့်နေသလို နယ်စပ်ကိုလည်း လုံခြုံရေးချထားတယ်လို့ ထိုင်းဒေသတွင်းသတင်းရင်းမြစ်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.