မကွေး၊ နိုဝင်ဘာ ၂၄

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ မေလအထိ လေးလအတွင်း စစ်ကော်မရှင်တပ်က အရပ်သား နေအိမ် ၃၅၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

အဲဒီလေးလအတွင်း တိုင်းနဲ့ပြည်နယ် ၁၂ ခုက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့တာပါ။

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ မြေတော်နဲ့ မြေစွန်းတော်ကျေးရွာနှစ်ရွာက နေအိမ်ပေါင်း ၅၄၀ ကျော်၊ စလင်းမြို့နယ်ထဲက ဂွေးကုန်းနဲ့ ငသန်းခေါင်ကျေးရွာက နေအိမ် ၂၃၉ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၃၆၇၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်အများစုဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးလှုပ်ရှားမှုနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်တာနဲ့ ဆက်စပ်ပြီး ဖြစ်ပွားခဲ့ပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦးနဲ့ မြင်းမူ၊ မကွေးတိုင်းထဲက ရေစကြို၊ စလင်း၊ မြိုင်နဲ့ ပေါက်၊ မန္တလေးတိုင်းထဲက ညောင်ဦး၊ မြင်းခြံနဲ့ ငါန်းဇွန်၊ ပခူးတိုင်းထဲက မင်းလှနဲ့ အုတ်ဖိုစတဲ့မြို့နယ်တွေမှာ နေအိမ်မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေ သိသိသာသာ များလာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလ လေးနှစ်ကျော် ကာလအတွင်း တိုင်းနဲ့ပြည်နယ် ၁ ၂ ခုမှာ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်စုစုပေါင်း ၁၁၀,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Data for Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.