သရက်ချောင်း၊ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ သိမ်ကုန်းကျေးရွာနဲ့ ကတွဲကျေးရွာတို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်ကုန်းကျေးရွာကို မီးရှို့ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ တကွဲကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် လေးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ကတွဲကျေးရွာထိပ်မှာ တပ်စွဲထားပါတယ်။

ကတွဲကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ်တွေမှာ သန်းခေါင်စာရင်း လိုက်လံကောက်ယူနေပြီး မဲပေးကြဖို့ ဖိအားပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးထားတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ် စစ်ကြောင်း ပြန်မဆုတ်သေးတာကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ သရက်ချောင်းမြို့နယ် လဘကျေးရွာရှိ နေအိမ် ၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.