ရေး၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ် ရေးမြို့နယ် လိပ်ပုတ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်က ကျေးရွာချင်းဆက် လမ်းပိုင်းတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် လိပ်ပုတ်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်ဟာ ငါးကလေးချောင်းကျေးရွာဘက်ကို ပြန်ဆုတ်လာပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ရေးမြို့ဘက်ကို လာမယ့် ဒေသခံတွေကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံတွေဟာ ခြံထွက်ပစ္စည်းတွေ ရောင်းချဖို့နဲ့ စားသောက်ကုန်တွေ ဝယ်ယူဖို့ အခက်ကြုံနေရတာပါ။

လိပ်ပုတ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေးမြို့နယ်က ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ရွေးကောက်ပွဲမတိုင်မီ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.