မုန်း၊ နိုဝင်ဘာ ၁၈
ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား သုံးဦး ထွက်ပြေးခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သူတို့ သုံးဦးဟာ KNU မုန်းမြို့နယ်ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ ထွက်ပြေးခိုလှုံလာတာပါ။
ထွက်ပြေးခိုလှုံလာတဲ့ တပ်သား သုံးဦးဟာ တပ်သား သန့်ဇင်ထွန်း၊ တပ်သား ကျော်ဇင်ထွန်းနဲ့ တပ်သား ပြည့်စုံထွန်းတို့ ဖြစ်ပါတယ်။
သူတို့ သုံးဦးဟာ တနင်္သာရီတိုင်း ကော့သောင်းအခြေစိုက် အမှတ် ၅၈၁ ခြေမြန်တပ်ရင်းက ဖြစ်ပြီး မုန်းမြို့နယ်သို့ ရှေ့တန်းပို့ဆောင်ခံရစဉ် KNLA ထံ ထွက်ပြေးခိုလှုံလာတာပါ။
KNU ကတော့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေး အဖွဲ့တွေထံ လက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်ရဲ့ စစ်သား အပါအဝင် ရဲနဲ့ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

