လောင်းလုံး၊ နိုဝင်ဘာ ၁
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ တနင်္သာရီတိုင်း လောင်းလုံး၊ ရေဖြူနဲ့သရက်ချောင်း မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး မဲပေးဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလနောက်ဆုံးအပတ်ကစလို့ အဲဒီမြို့နယ် သုံးခုရဲ့ ကျေးရွာတွေကို အင်အားဖြန့်ခွဲပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ နေအိမ်မှာရှိနေတဲ့ လူဦးရေစာရင်း ကောက်ယူခဲ့ပြီး နေအိမ်မှာရှိနေသူတွေ မဖြစ်မနေ မဲပေးကြဖို့ ဖိအားပေးသွားတယ်လို့ ဆိုပါတယ်။
အင်အား ၅၀ ကနေ ၈၀ နီးပါးထိပါတဲ့ စစ်ကြောင်း ၅ ကြောင်းလောက်ဟာ လောင်းလုံးမြို့နယ် မောင်း မကန်၊ ညောင်ပင်၊ မင်းစောက်၊ ပန်းဒလဲ၊ ရွာဟောင်းဝ၊ မင်းရပ်ကျေးရွာတို့ကိုဝင်ပြီး စာရင်းကောက် ယူခဲ့ပါတယ်။
ဒါ့အပြင် ရေဖြူမြို့နယ်ထဲက ပုဂေါဇွန်း၊ သစ်တိုထောက်၊ သရက်ချောင်းမြို့နယ်ထဲမှာ ဝင်းဝကျေးရွာ အုပ်စုအတွင်းက ကျေးရွာတွေကို စာရင်းလိုက်ကောက်နေတယ်လို့ ဆိုပါတယ်။
လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်ဟာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ ဒီဇင်ဘာ ၂၈ ရက်နေ့ မဲပေးရမယ့် အုပ်စုထဲပါဝင်ပြီး ရေဖြူမြို့နယ်ကတော့ ရွေးကောက်ပွဲအပိုင်း ၂ ဇန်နဝါရီ ၁၁ ရက်နေ့ မဲပေးရမယ့် အုပ်စုထဲမှာ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

