ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၁

လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူမယ့် ဖိလစ်ပိုင်အနေနဲ့ မြန်မာ့ ပြဿနာအတွက် ရေရှည်ဖြေရှင်းချက်နဲ့ ငြိမ်းချမ်းရေး ရှာဖွေဖို့ ကြိုးပမ်းမှုတွေကို ဆက်လက် ကူညီပေးသွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေဟာ ပျောက်အောင် မလုပ်ရသေးတဲ့ အာဆီယံဘက်ခြမ်းက ဒဏ်ရာ တစ်ခု ဖြစ်တယ်လို့ သမ္မတ မားကို့စ်က ပြောပါတယ်။

အာဆီယံအနေနဲ့ အဲဒီကိစ္စကို အနီးကပ် စောင့်ကြည့်ရမှာ ဖြစ်ပြီး စေ့စပ်မှုတွေထဲက တစ်ခု အဖြစ် အခြေခံကျတဲ့ ချဉ်းကပ်မှု ဆက်လက် လုပ်ဆောင်ရမယ်လို့ မားကို့စ် ဂျူနီယာက အလေးထား ပြောတာပါ။

မိမိတို့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေတာကို မြင်နေရတာဟာ နာကျင်စရာကောင်းတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ အခြေအနေကို ဖြေရှင်းရေး ရှေ့ဆက်နိုင်မယ့် နည်းလမ်းအသစ်တွေ ရှာဖွေရေး၊ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ရေး၊ သက်ဆိုင်ရာအစုအဖွဲ့ အားလုံးနဲ့ ဆက်လက် စေ့စပ်ရေး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မားကို့စ် ဂျူနီယာက ပြောပါတယ်။

ကျွန်တော်တို့ရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ အဲဒါတွေ လုပ်ဖို့ ရည်ရွယ်ထားပါတယ်လို့ မားကို့စ် ဂျူနီယာက မလေးရှား အမျိုးသားသတင်းဌာန Bernama အယ်ဒီတာချုပ် အာရူးလ် ရာဂျူး ဒူရာ ရာ့ချ်နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောဆိုထားတာပါ။

သမ္မတ မားကို့စ်ဟာ အောက်တိုဘာ ၂၈ ရက်က ပြီးဆုံးခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ညီလာခံ တက်ရောက်ဖို့ ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ပါတယ်။

ဖိလစ်ပိုင်က ဥက္ကဋ္ဌတာဝန်ယူမယ့် လာမယ့်နှစ်မှာ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေ အာဆီယံ ညီလာခံ တက်ခွင့်ရမလားဆိုတဲ့ မေးခွန်းကို မားကို့စ်က အဲဒီလို တက်ရောက်တာကို အများကြီး မြင်တွေ့ချင်ပြီး မိမိအနေနဲ့ နှလုံးသားထဲမှာ အကောင်းမြင်သူ တစ်ယောက် ဖြစ်တာကြောင့် အဲဒီ အခြေအနေ ရောက်အောင် လုပ်နိုင်တယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ကွာလာလမ်ပူမှာ အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံသို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ လုပ်ပေးနိုင်တာ အကန့်အသတ်နဲ့ နည်းနည်းလေးပဲ ရှိနေပေမယ့် ဆက်လက် စေ့စပ်ဖို့နဲ့ သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ပါဝင်လာအောင် လမ်းညွှန်ပေးဖို့ အရေးကြီးနေဆဲပဲလို့ သမ္မတ မားကို့စ်က ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ဘယ်သူပဲ ဖြစ်ဖြစ် ပြောတာကို နားမထောင်ဘူး ငါတို့ တံခါးကို ပိတ်ထားမယ်လို့ ပြောလို့ မရပါဘူး။ အတိုက်အခံ နိုင်ငံရေးပါတီတွေ အပါအဝင် အစုအဖွဲ့အားလုံးနဲ့ ကျွန်တော်တို့ ဆက်လက် စေ့စပ်ရမှာ ဖြစ်ပါတယ်လို့ မားကို့စ်က ပြောတာပါ။

မြန်မာအတွက် အကောင်းဆုံး ရလဒ်ကတော့ သူ့ရဲ့ စီးပွားရေး၊ လူထုနဲ့ ငြိမ်းချမ်းရေး အတွက် အာဆီယံထဲမှာ အပြည့်အဝ ပြန်လည် ပေါင်းစည်းပါဝင်ရေးပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မကြာသေးခင် နှစ်တွေက မြန်မာနိုင်ငံမှာ အခြေအနေ တိုးတက်မှုတွေ နည်းနည်းလေး နှေးနေခဲ့ပေမယ့် လတ်တလော အခြေအနေတွေက အားပြည့်စေတယ်လို့ မားကို့စ်က ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ တိုးတက်လာနေပြီလို့ အာဆီယံညီလာခံ ပိတ်ပွဲမှာ ပြောကြားသွားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာဆီယံက သူတို့ကိုယ်စား ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်ရေးကို အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံချင်းစီ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။

Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.