တနင်္သာရီ၊ အောက်တိုဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်မကော်ရှင်တပ်ဖွဲ့၀င် ၁၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
အဲဒီမောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၅နာရီခွဲအချိန်ခန့်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီခွဲခန့်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာပါ။
မောင်မကန်ရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများဖြစ်သော ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ (၁၂) ဦးသေဆုံးပြီး(၁၀) ဦးခန့်ဒဏ်ရာရကာ ကျန်အင်အားများ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာပါ။
အဲဒီရဲစခန်းကနေ Uzi အမျိုးအစား သေနတ် (၆) လက်၊ G3 အမျိုးအစား သေနတ် (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ကွန်မန်ဒိုစိန်ပြောင်း(၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၁) လက်၊ Jampar စက် (၂) လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
မောင်းမကန်ရဲစခန်းသိမ်းပိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ -အထူးတိုင်းစစ်ဌာန

