လန်ဒန်၊ အောက်တိုဘာ ၃၁

ဗြိတိန်ဘုရင် ချားလ်စ်က သူ့ရဲ့ ညီတော် အန်ဒရူးရဲ့ မင်းသားဘွဲ့ကို ရုတ်သိမ်းလိုက်ပြီး သူ့ရဲ့ ဝင်ဆာအိမ်တော်ကလည်း နှင်ထုတ်လိုက်ကြောင်း ဘက်ကင်ဟမ် နန်းတော်က အောက်တိုဘာ ၃၀ ရက်က ကြေညာပါတယ်။

ဒါဟာ ညီတော် အန်ဒရူးနဲ့ ဂျက်ဖရီ အက်ပ်စတိန်း အရှုပ်တော်ပုံတို့ကြား ဆက်နွယ်မှုကနေ တော်ဝင်မိသားစုတွေကို ကင်းကင်းရှင်းရှင်း ဖြစ်စေဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

နတ်ရွာစံသွားပြီ ဖြစ်တဲ့ ဘုရင်မကြီး အဲလိဇဘက်ရဲ့ ဒုတိယသားတော် ဖြစ်ပြီး ချားလ်စ်ရဲ့ ညီတော် ၆၅ နှစ်အရွယ် အန်ဒရူးဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူ အက်ပ်စတိန်းနဲ့ သူ့ရဲ့ ဆက်ဆံရေး၊ သူ့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ မကြာသေးခင်နှစ်တွေမှာ ဖိအား တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုလ စောစောပိုင်းက သူ့အနေနဲ့ ယောက်ခ်မြို့စားဘွဲ့ အသုံးပြုခွင့် ရပ်ဆိုင်းခံခဲ့ရပါတယ်။

အခုတော့ ဘုရင်ချားလ်စ်က သူ့ကို ပြင်းပြင်းထန်ထန် ပိုမို အရေးယူပြီး သူ့ရဲ့ ဘွဲ့တွေ ဂုဏ်တွေကို ရုတ်သိမ်းလိုက်တာကြောင့် သူဟာ အန်ဒရူး မောင့်ဘက်တန် ဝင်ဆာ ဆိုတဲ့ ရိုးရိုး အမည်နဲ့ သာမန်လူ တစ်ယောက် ဖြစ်သွားပြီ ဖြစ်ပါတယ်။

အန်ဒရူးဟာ အခုအချိန်မှာ အင်္ဂလန်အရှေ့ပိုင်းရှိ ဆန်ဒရင်ဟမ်အိမ်ရာက ပုဂ္ဂလိက အဆောက်အဦ တစ်ခုဆီ ပြောင်းရွှေ့နေထိုင်ရတော့မှာ ဖြစ်ပါတယ်။

ကင်ဆာရောဂါကြောင့် ပုံမှန် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်တဲ့ ဘုရင် ချားလ်စ်ရဲ့ ဆုံးဖြတ်ချက်ဟာ ခေတ်သစ် ဗြိတိန်ရာဇဝင်မှာ တော်ဝင်မိသားစု တစ်ဦးကို အရေးယူတဲ့ ဒရာမာ အဆန်ဆုံး လုပ်ရပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

အန်ဒရူးဟာ သူ့အပေါ် စွပ်စွဲထားတာတွေကို ငြင်းဆိုနေဆဲ ဖြစ်တာကြောင့် အခုလို အရေးယူဖို့ လိုအပ်တယ်လို့ နန်းတော်က ပြောထားပါတယ်။

အန်ဒရူးဟာ ခန့်ညားတဲ့ ရေတပ်အရာရှိ တစ်ဦး အဖြစ် တစ်ခါက မှတ်ယူခံခဲ့ရသူ ဖြစ်ပြီး ၁၉၈၀ ပြည်နှစ်များ စောစောပိုင်းကာလမှာ အာဂျင်တီးနားနဲ့ ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန် စစ်ပွဲ အတွင်း ဗြိတိန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်မှာ နန်းတော်တာဝန် အားလုံးကို စွန့်လွှတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ကနေစလို့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၂ ခုနှစ်မှာ စစ်ဖက်ရာထူးနဲ့ နန်းတော် ဘွဲ့တွေ ရုတ်သိမ်းခံခဲ့ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.