တိုကျို၊ အောက်တိုဘာ ၃၁
နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြန်လည် စတင်ရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အမှတ်မထင် ညွှန်ကြားချက်ကို နိုဘယ် ငြိမ်းချမ်းရေးဆုရထားတဲ့ ဂျပန် အဏုမြူဗုံး အသက်ရှင်ကျန်သူများအဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး လုံးဝ လက်မခံနိုင်စရာကိစ္စ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း တစ်ကြိမ်တည်းသော နျူကလီးယား လက်နက်အသုံးပြုမှုအဖြစ် ဂျပန်နိုင်ငံ ဟီရိုရှီမားမြို့နဲ့ နာဂါဆာကီမြို့တို့ကို အမေရိကန်က အဏုမြူဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့ပါတယ်။

ဟီဘာကူရှာလို့ ခေါ်တဲ့ အဲဒီ အသက်ရှင်ကျန်သူတွေဟာ သူတို့ သားကောင်တွေ ဖြစ်ရတယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့အတူ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ဆယ်စုနှစ်များစွာ ကြာအောင် အခက်ကြုံခဲ့ရပါတယ်။
တရုတ်၊ ရုရှားတို့နဲ့ တူညီသွားအောင် နျူကလီးယား စမ်းသပ်မှုတွေ စတင်ဖို့ သမ္မတ ဒေါ်နယ် ထရန့်က ပင်တဂွန်ကို အောက်တိုဘာ ၃၀ ရက်မှာ ညွှန်ကြားလိုက်ပြီးနောက် နိုဘယ်ဆုရထားတဲ့ နီဟွန် ဟိုင်ဒန်ကျိုအဖွဲ့က ဂျပန်ရှိ အမေရိကန်သံရုံးဆီ ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။
အဲဒီ ညွှန်ကြားချက်ဟာ နျူကလီးယား လက်နက်တွေ မရှိဘဲ ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခု ရှင်သန်ရေး ကမ္ဘာတဝှမ်းနိုင်ငံတွေက ကြိုးပမ်းနေတာနဲ့ တိုက်ရိုက်ကြီး ဆန့်ကျင်နေပြီး လုံးဝ လက်မခံနိုင်စရာ ကိစ္စ ဖြစ်တယ်လို့ အသက်ရှင်ကျန်သူများ အဖွဲ့ရဲ့ စာမှာ ဖော်ပြထားပါတယ်။

ထရန့်ရဲ့ ညွှန်ကြားချက်ကို နာဂါဆာကီ မြို့တော်ဝန်ကလည်း ပြစ်တင်ရှုတ်ချပြီး ကမ္ဘာတဝှမ်းက လူတွေ နျူကလီးယား လက်နက်တွေ မရှိဘဲ ငြိမ်းချမ်းစွာ နေနိုင်အောင် သွေးတွေ ချွေးတွေ မျက်ရည်တွေနဲ့ ပေးဆပ်ပြီး ကြိုးပမ်းနေချိန်မှာ ခြေထိုးလှဲလိုက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် ဆာနေး တာကာအိချီက ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းမယ်လို့ သတင်းထွက်နေပါတယ်။
၂၀၂၄ ခုနှစ်မှာ နိုဘယ် ငြိမ်းချမ်းရေးဆုရရှိခဲ့တဲ့ ဟိုင်ဒန်ကျိုအဖွဲ့က ဆုလက်ခံရယူချိန်မှာ နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းခဲ့တာပါ။
ဟီရိုရှီမားရှိ အသက်ရှင်ကျန်သူများ သီးခြား အဖွဲ့ နှစ်ဖွဲ့ကလည်း ထရန့်ရဲ့ ညွှန်ကြားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
နျူကလီးယား စစ်ပွဲတွေမှာ အနိုင်ရသူ ဒါမှမဟုတ် ရှုံးနိမ့်သူတွေ ဆိုတာ မရှိဘဲ လူသားမျိုးနွယ်ပဲ အရှုံးသမားတွေ ဖြစ်ရတယ်လို့ အဲဒီ အဖွဲ့ နှစ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Ref:AFP

