အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃၁
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး ညှိနှိုင်းမှုတွေ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက မိမိတို့မြေပေါ်မှာ စစ်သွေးကြွတွေက အကြမ်းဖက် တိုက်ခိုက်တာ ဒါမှမဟုတ် အသေခံ တိုက်ခိုက်တာ ထပ်ပြီး လုပ်ဆောင်မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အာဖဂန်နစ္စတန်ကို သတိပေးလိုက်ပါတယ်။
ယခုလ စောစောပိုင်းက အာဖဂန်နစ္စတန်ရှိ ပါကစ္စတန် တာလီဘန်တွေ ပုန်းအောင်နေတဲ့ နေရာတွေကို ပါကစ္စတန် စစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် သောင်းကျန်းသူတွေလို့ ဆိုသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အရပ်သားတွေ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်က ပြောကြားပြီး ပါကစ္စတန် စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန် စစ်သား ၅၈ ဦး သေဆုံးခဲ့ပါတယ်။
နယ်စပ် တိုက်ခိုက်မှုတွေကြောင့် စစ်သား ၂၃ ဦး သေဆုံးတယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။
အစ္စတန်ဘူလ်မှာ လေးရက်ကြာ ဆွေးနွေးခဲ့ပေမယ့် အဖြေမထွက် ဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက်က ကာတာနိုင်ငံ မြို့တော်ဒိုဟာမှာ နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ပါကစ္စတန် မြေပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှု ဒါမှမဟုတ် အသေခံ တိုက်ခိုက်မှု ဖြစ်ခဲ့မယ်ဆိုရင် အာဖဂန်နစ္စတန်အနေနဲ့ ပိုခါးသီးတဲ့ အရသာကို ခံစားရလိမ့်မယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အဆစ်က ပြောပါတယ်။
ဝန်ကြီး အဆစ်ရဲ့ပြောဆိုမှုတွေ ဒါမှမဟုတ် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မအောင်မြင်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ကဘူးလ် အစိုးရက တစ်ခုမှ ထုတ်ပြန် ပြောဆိုမှု မရှိသေးပါဘူး။
ဒါပေမဲ့ ပါကစ္စတန်က မသင့်လျောတဲ့ တောင်းဆိုမှုတွေ ပြုလုပ်နေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့တာ ဖြစ်တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံပိုင် RTA သတင်းဌာနက ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန် နယ်နိမိတ်ထဲက ပါကစ္စတန်ကို တိုက်ခိုက်မှုတွေ မရှိရအောင် လုပ်ဆောင်ပေးဖို့ ပါကစ္စတန်က တောင်းဆိုခဲ့ပေမယ့် အာဖဂန်နစ္စတန်က ပါကစ္စတန် တာလီဘန်တွေ ကိစ္စဟာ ပါကစ္စတန်ရဲ့ ပြည်တွင်းရေး ပြဿနာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း RTA သတင်းမှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရဟာ သူတို့ နယ်မြေထဲမှာ ရှိနေတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့နဲ့ အခြား စစ်သွေးကြွအဖွဲ့တွေကို မမြင်ချင်ယောင် ဆောင်ပေးထားတယ်လို့ ပါကစ္စတန်က စွပ်စွဲနေတာ ကြာပြီ ဖြစ်ပါတယ်။
အဲဒီ စွပ်စွဲချက်တွေကို ကဘူးလ်မြို့ရှိ တာလီဘန်အစိုးရက ပယ်ချထားပါတယ်။
ပါကစ္စတန်မှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ပိုများလာနေပြီး ပါကစ္စတန် တာလီဘန် အဖွဲ့ရဲ့ လက်ချက်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့နဲ့ သီးခြား ဖြစ်ပေမယ့် ၂၀၂၁ ခုနှစ် ကဘူးလ်မှာ အာဖဂန်နစ္စတန် တာလီဘန်တွေ အာဏာရလာပြီး နောက်ပိုင်း ပါကစ္စတန် တာလီဘန် အဖွဲ့ ပိုပြီး ရဲတင်းလာခဲ့ပါတယ်။
ပါကစ္စတန် တာလီဘန်တွေနဲ့ တိုက်ခိုက်ရေးသမားတွေဟာ အဲဒီကတည်းက အာဖဂန်နစ္စတန် နိုင်ငံထဲမှာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
တာလီဘန်အစိုးရကို ချေမှုန်းပစ်ဖို့ ပါကစ္စတန်အနေနဲ့ မိမိတို့ လက်နက်တိုက်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ သုံးစရာလိုလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး အဆစ်က ပြောပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးမှုတွေ မအောင်မြင်ဖြစ်ပြီးနောက် အပစ်အခတ်ရပ်စဲထားပေမယ့် နယ်စပ်တွေကို ပိတ်ထားဆဲပဲလို့ သိရပါတယ်။
Ref:AP

