ရေး ၊ အောက်တိုဘာ ၃၀
မွန်ပြည်နယ် ရေးမြို့နယ်မှာ ညပိုင်း ပွဲလမ်းသဘင်သွားတဲ့ လူငယ်တွေကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးငွေညှစ်နေပြီး ငွေမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းတပ်သား စုဆောင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ အောက်တိုဘာလဆန်းပိုင်းကစလို့ ရေးမြို့နယ်ရဲ့ ဇီးဖြူသောင်၊ အစင်၊ ကျောက်မိကျောင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းမှာ ဘုရားပွဲတွေနဲ့အတူ အာဝါဒေးလောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပခွင့်ပြုထားတာပါ။
အာဝါဒေးလောင်းကစားဝိုင်းကနေ ပြန်လာတဲ့ လူငယ်တွေကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ညအချိန်မတော် သွားလာတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲလိုဖမ်းဆီးငွေညှစ်ရာမှာ အနည်းဆုံး ကျပ် ငါးသောင်းကနေ သိန်းနဲ့ချီ တောင်းခံတာတွေ ရှိတယ်လို့ ဖမ်းဆီးငွေညှစ်ခံရတဲ့ ဒေသခံလူငယ် တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးငွေညှစ်ခံရတဲ့ လူငယ်တွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါက တစ်ခါတည်း စစ်မှုထမ်းတပ်သား စုဆောင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အခုလအတွင်း ညပိုင်း ပွဲလမ်းသဘင်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးထက်မနည်း စစ်သားစုဆောင်းခံထားရတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်တဲ့ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁၈ အထိ တပ်သားစုဆောင်းခံရသူ ၃၃၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

