ဘန်ကောက်၊ အောက်တိုဘာ ၃၀
မြန်မာ စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းခဲ့ပြီးနောက် နယ်စပ် ဖြတ်ကျော် ထွက်ပြေးလာတဲ့ အလုပ်သမားတွေထဲက အိန္ဒိယနိုင်ငံသား ၅၀၀ ကို နယူးဒေလီ အစိုးရက လေယာဉ်နဲ့ ပြန်ခေါ်ယူဖို့ စီစဉ်ထားကြောင်း ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာ ၂၉ ရက်က ပြောလိုက်ပါတယ်။
ပြည်တွင်းစစ်အတွင်း အုပ်ချုပ်ရေး အားနည်းတဲ့ မြန်မာနယ်စပ် တလျှောက်မှာ ကျားဖြန့်လုပ်ငန်းတွေက ကမ္ဘာတဝှမ်းရှိ လူတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေကြပါတယ်။

နာမည်ဆိုးနဲ့အကျော်ကြားဆုံး ကျားဖြန့်လုပ်ငန်း စုရပ်တွေထဲက တစ်ခု ဖြစ်တဲ့ KK Park ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်က စီးနင်းမှုတွေ ပြုလုပ်ခဲ့ပုံရပြီး အလုပ်သမား ရာပေါင်းများစွာဟာ နှစ်နိုင်ငံ နယ်စပ်ရှိ မြစ်ကိုဖြတ်ပြီး မဲဆောက်မြို့ထဲ ထွက်ပြေးလာခဲ့ကြ ပါတယ်။
ဖေဖော်ဝါရီက လူသိရှင်ကြား နှိမ်နှင်းမှုတွေ ရှိခဲ့ပေမယ့် နယ်စပ်က ကျားဖြန့် စင်တာတွေမှာ အလျင်အမြန် ဆောက်လုပ်မှုတွေ ရှိကြောင်း အခုလအတွင်း စုံစမ်းသိရှိခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြပါတယ်။

KK Park ကို စတင်နှိမ်နှင်းချိန်နဲ့ အောက်တိုဘာ ၂၈ ရက်ကြား နိုင်ငံပေါင်း ၂၈ နိုင်ငံက လူပေါင်း ၁၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြကြောင်း တာ့ခ်ပြည်နယ် အစိုးရက ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံသား ၅၀၀ လောက် မဲဆောက်ကို ရောက်နေပါတယ်။ အိန္ဒိယအစိုးရက သူတို့ကို တိုက်ရိုက်ပြန်ခေါ်ဖို့ လေယာဉ် လွှတ်ပေးပါလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူ အများကြီးက သူတို့ ပြန်ပေးဆွဲခေါ်ယူပြီး အလုပ်စေခိုင်းခံရတာလို့ ပြောကြပေမယ့် မက်လောက်စရာ လုပ်ခလစာကို လိုချင်တာကြောင့် လိုလိုလားလား ဝင်ရောက် အလုပ်လုပ်နေသူတွေ ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အဲဒီ အိန္ဒိယနိုင်ငံသားတွေကို ရာဇဝတ်ကောင်တွေအဖြစ် ဆက်ဆံနေတာလား ဒါမှမဟုတ်ထိခိုက်နစ်နာသူတွေအနေနဲ့ ဆက်ဆံနေတာလားဆိုတာကိုတော့ ထိုင်းဝန်ကြီးချုပ်က မပြောပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အိန္ဒိယသံရုံးဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။
မြန်မာစစ်တပ်ဟာ သူတို့ရဲ့ မဟာမိတ် လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို မျက်ကွယ်ပြုထားတာ ကြာပြီ ဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းရေး စစ်ကောင်စီဟာ သူတို့ကို စစ်ရေးအရ အကူအညီပေးနေတဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေကိုလည်း ပစ်မှတ်ထားနေတာကြောင့် ဘေဂျင်းအစိုးရက နှိမ်နှင်းဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နှိမ်နှင်းမှုအတွင်း အလုပ်သမား ၇၀၀၀ ကျော်ကို ပြန်လွှဲပေးခဲ့ပြီး ထိုင်းက ကျားဖြန့်လုပ်ငန်း နှိမ်နှင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် အင်တာနက် ဝန်ဆောင်မှုကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
မြန်မာစစ်တပ်က KK Park ကို နှိမ်နှင်းလိုက်တယ် ဆိုပေမယ့် တခြားနေရာတွေမှာ ကျားဖြန့် လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေဆဲ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Ref:AFP

