အယ်လ်ဖာရှာ၊ အောက်တိုဘာ ၃၀
ဆူဒန်နိုင်ငံ အယ်လ်ဖာရှာမြို့ကို သိမ်းပိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ အလျင်အမြန် ထောက်ပံ့ကူညီရေးတပ်ဖွဲ့ RSF လက်နက်ကိုင်တွေက အဓိက ဆေးရုံတစ်ခုရှိ အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီ အကြီးအကဲက ပြောလိုက်ပါတယ်။
အယ်လ်ဖာရှာမြို့ရှိ အဓိကဆေးရုံမှာ အရပ်သား ၄၆၀ ကို သတ်ဖြတ်မှုကြောင့် မိမိတို့ အနေနဲ့ များစွာ ထိတ်လန့်တုန်လှုပ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ တက်ဒရို့စ်က ပြောတာပါ။

ဆော်ဒီဆေးရုံရှိ လူနာတွေ လူနာစောင့်တွေနဲ့ တခြား ရှိနေသူတွေ အပါအဝင် တွေ့သမျှ လူတိုင်းကို RSF တိုက်ခိုက်ရေးသမားတွေက သွေးအေးအေးနဲ့ သတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆော်ဒီဆရာဝန်များ ကွန်ရက်က စောစောပိုင်းက ပြောကြားခဲ့ပါတယ်။
ဆော်ဒီဆရာဝန်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ အရေအတွက်ကို ဖော်ပြမထားပေမယ့် အဲဒီ ဆေးရုံဟာ လူတွေကို သတ်ဖြတ်တဲ့ သားသတ်ရုံလို ဖြစ်နေတယ်လို့ ပြောထားပါတယ်။
RSF အဖွဲ့က ဆရာဝန် လေးဦး၊ ဆေးမှူး တစ်ဦးနဲ့ သူနာပြုတစ်ဦး အပါအဝင် ဆေးဝန်ထမ်း ၆ ဦးကို ပြန်ပေးဆွဲခေါ်ဆောင်သွားပြီး သူတို့ ပြန်လွတ်ဖို့အတွက် ပြန်ရွေးငွေ ဒေါ်လာ ၁၅၀၀၀၀ တောင်းဆိုထားကြောင်း ဆော်ဒီဆရာဝန်များ ကွန်ရက်က ပြောပါတယ်။

အဲဒီ မြို့ဟာ ဒါဖာဒေသမှာ ရှိတဲ့ စစ်တပ်ရဲ့ နောက်ဆုံးအမာခံမြို့ ဖြစ်ပြီး ၁၈ လကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် RSF အဖွဲ့က အောက်တိုဘာ ၂၆ ရက်က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ဧပြီက ပဋိပက္ခ စတင်ပြီးနောက်ပိုင်း RSF နဲ့ ဒါဖာရှိ အာရပ် မဟာမိတ် လက်နက်ကိုင်တွေက အာရပ် မဟုတ်တဲ့ မျိုးနွယ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံနေရပေမယ့် သူတို့က ပယ်ချထားပါတယ်။
အယ်လ်ဖာရှာမြို့ ကျသွားအပြီး မြို့ထဲမှာ ပိတ်မိနေတဲ့ အာရပ်မဟုတ်တဲ့ မျိုးနွယ်စု နှစ်သိန်းခွဲရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ တက်ကြွလှုပ်ရှားသူတွေနဲ့ အေဂျင်စီတွေက ပြောကြားခဲ့ပါတယ်။
အဲဒီ ဒေသမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားနေတဲ့ အခြေအနေကို သိရဖို့ ခက်ခဲနေပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က RSF တိုက်ခိုက်ရေးသမားတွေက လက်နက်မပါသူတွေ အများကြီးကို ကွပ်မျက်သတ်ဖြတ်နေပုံ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်နေပါတယ်။
RSF တပ်ဖွဲ့ဝင်တွေက မြို့က ထွက်ပြေးသူတွေကို ရိုက်နှက်ပြီး ဗီဒီယိုမှတ်တမ်း တင်ထားသလို လမ်းမှာတွေ့သမျှ အားလုံး လုယက် ယူငင်သွားကြောင်း ထွက်ပြေးလွတ်မြောက်လာသူ တချို့က ပြောပါတယ်။
ဆူဒန်မှာ စစ်ပွဲစတင်ပြီးနောက်ပိုင်း ကျန်းမာရေး အဆောက်အဦတွေကို တိုက်ခိုက်မှု ၁၈၅ ကြိမ်ရှိခဲ့ပြီး လူ ၁၂၀၄ ဦး သေဆုံးခဲ့တယ်လို့ WHO က ပြောပါတယ်။
အယ်လ်ဖာရှာမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ RSF ဟာ အခုဆိုရင် ဒါဖာဒေသနဲ့ အနီးအနားရှိ ခိုဒိုဖန်ဒေသ အများစုကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်က မြို့တော် ခါတွမ်နဲ့ ပင်လယ်နီတလျှောက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို ထိန်းချုပ်ထားတာကြောင့် ဆူဒန်နိုင်ငံ နှစ်ခြမ်းကွဲနေပြီ ဖြစ်ပါတယ်။
စစ်ခင်းနေကြတဲ့ နှစ်ဖက်အုပ်စုတွေဟာ အရင်က မဟာမိတ်တွေ ဖြစ်ခဲ့ကြပြီး ၂၀၂၁ အာဏာသိမ်းမှုအတွင်း အတူတူ အာဏာရလာခဲ့ကြပေမယ့် အရပ်ဖက် အုပ်ချုပ်မှုအောက် ပြန်သွားရေး နိုင်ငံတကာ ထောက်ခံတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲခဲ့ကြတာ ဖြစ်ပါတယ်။
Ref:BBC

