ဂျိုဟိုးဘာရူး၊ အောက်တိုဘာ ၂၄

ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကြောင့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ ကုန်သွယ်ရေးနဲ့ ဒေသဆိုင်ရာ လုံခြုံရေး အစီအစဉ်တွေကို ထိခိုက်စေဖွယ် မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေ လက်ခံကျင်းပရေး ၂၀၂၅ အာဆီယံ ဥက္ကဋ္ဌ မလေးရှားက အရှိန်မြှင့် ကြိုတင် ပြင်ဆင်နေချိန် ကြီးကြီးမားမား ဆန္ဒပြပွဲ အနည်းဆုံး နှစ်ခု ပြုလုပ်ဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးတွေကို အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ ခေါင်းဆောင်တွေအပြင် တရုတ်ဝန်ကြီးချုပ် လီကီကျန်းနဲ့ ရုရှား လက်ထောက်ဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်တို့အပြင် တခြား အရာရှိတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ဆန္ဒပြပွဲကို မလေးရှားရဲ့ အကြီးမားဆုံး အတိုက်အခံပါတီ အစ္စလာမ်ဆီ မလေးရှားပါတီ PAS က ဦးဆောင်မှာ ဖြစ်ပါတယ်။

အာဆီယံညီလာခံသို့ ထရန့် တက်ရောက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရေး ကွာလာလမ်ပူ မြို့လယ်ရှိ အမေရိကန်သံရုံးအထိ ချီတက် ဆန္ဒပြရာမှာ မလေးရှားနိုင်ငံသားတွေ ပါဝင်ကြဖို့ PAS ပါတီ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

နောက်ထပ် အောက်တိုဘာ ၂၆ ရက်မှာတော့ ထရန့်ကို မလေးရှားက မကြိုဆိုပါ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အဲဒီဆန္ဒပြပွဲမှာတော့ မလေးရှား ဒီမိုကရေစီအဖွဲ့ ၊ ပါလက်စတိုင်းနဲ့ တစ်သားတည်း ရပ်တည်ရေးအဖွဲ့တို့ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲအတွင်း အစ္စရေး လိုလားတဲ့ ထရန့် အစိုးရရဲ့ သဘောထား ရပ်တည်ချက်တွေကို မကျေနပ်လို့ ဆန္ဒပြတာ ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာ လူထောင်ပေါင်းများစွာ ပါဝင်မယ်လို့ မျှော်လင့်ရပေမယ့် အာဆီယံရဲ့ ဆွေးနွေးမှုတွေ လမ်းချော်သွားဖို့ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

အာဆီယံအတွက် အဓိက ဦးတည်ချက်က အမေရိကန်နဲ့ အထူးသဖြင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးမှာ ဆက်ဆံရေး ကောင်းမွန်ရေး ဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ဝါက စောစောပိုင်းက ပြောထားတာပါ။

အမေရိကန်သို့ ပို့ဆောင်မယ့် မလေးရှား ကုန်စည်တွေအနေနဲ့ ယေဘုယျ အခွန်နှုန်းထား ၁၉ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက် ဆန္ဒပြပွဲမှာ လူပေါင်း ၂၀၀၀၀ အထိ ပါဝင်မယ်လို့ မျှော်လင့်ကြောင်း PAS ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြီး အောက်တိုဘာ ၂၆ ရက် ဆန္ဒပြပွဲမှာ လူ ၂၀၀၀ ပါဝင်မယ်လို့ မျှော်လင့်ထားကြောင်း BDS Malaysia ဥက္ကဌက ပြောထားပါတယ်။

ထရန့် အစိုးရက ဂါဇာမှာ အပစ်ရပ်ရေးအတွက် ကြားဝင် ညှိနှိုင်းပေးမှုကို တချို့က ချီးကျူး ကြိုဆိုခဲ့ကြပေမယ့် အစ္စရေးကို ကူညီပေးတာတွေ များလွန်နေတယ်လို့ PAS ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထရန့်ဟာ ဂါဇာမှာ ပါလက်စတိုင်းသားတွေအပေါ် ရက်ရက်စက်စက် ပြုမူရာမှာ အစ္စရေးနဲ့အတူ ကြံရာပါ ဖြစ်တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

အာဆီယံညီလာခံအတွင်း တခြားနေရာတွေမှာလည်း ပါလက်စတိုင်း လိုလားတဲ့ အသေးစား ဆန္ဒပြပွဲတွေလည်း စီစဉ်ထားကြောင်း သိရပါတယ်။

မလေးရှားဟာ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်တာကြောင့် ဆန္ဒပြလို့ရပေမယ့် အဖွဲ့အစည်းနဲ့ လုပ်ငန်းစဉ်၊ လုံခြုံရေးကို မနှောင့်ယှက်ကြဖို့ ဝန်ကြီးချုပ် အန်ဝါက သတိပေးထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.