ဂျေရုစလင်၊ အောက်တိုဘာ ၁၁

အစ္စရေးနဲ့ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာအောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက စတင် အသက်ဝင်လာပြီးနေက် ဂါဇာ ဒေသတွေက တပ်ဖွဲ့ဝင်များ တစ်စိတ်တစ်ပိုင်း ဆုတ်ခွာနေပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အဲဒီ ကမ်းမြောင်ဒေသရဲ့ ထက်ဝက်လောက်ကို အစ္စရေးတပ်တွေ သိမ်းပိုက်ထားဆဲ ဖြစ်ပေမယ့် နယ်နိမိတ်အတွင်း သဘောတူထားတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာနေပြီလို့ အစ္စရေးတပ်တွေက ပြောပါတယ်။

မကြာသေးခင် လပိုင်းက အစ္စရေးတပ်တွေရဲ့ အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်မှုဒဏ်ခံခဲ့ရတဲ့ ဂါဇာမြောက်ပိုင်းသို့ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းသားတွေ ပြန်လာနေကြတာကို ရုပ်သံပုံရိပ်တွေမှာ တွေ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်ရေး သဘောတူညီမှု ပထမအဆင့်ကို အစ္စရေး အစိုးရက အောက်တိုဘာ ၉ ရက်မှာ သဘောတူလိုက်ပြီးနောက် အပစ်အခတ်ရပ်စဲမှု အသက်ဝင်လာတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကိုတော့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုအရ ဟားမာ့စ်အဖွဲ့အနေနဲ့ သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ဦးရဲ့ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေနဲ့ အသက်ရှင်နေသေးတယ်လို့ ယုံကြည်ရတဲ့ လူ ၂၀ အပါအဝင် အစ္စရေးဓားစာခံ အားလုံးကိုအောက်တိုဘာလ ၁၃ ရက် ဒေသစံတော်ချိန် ၁၂ နာရီ မတိုင်ခင် လွှတ်ပေးရမှာ ဖြစ်ပါတယ်။

အစ္စရေးက သူတို့ရဲ့ အကျဉ်းထောင်တွေမှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံနေရတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နီးပါးကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

အကျဉ်းသား ၁၀၀ ကို အနောက်ဖက် ကမ်းခြေဒေသသို့ လွှတ်ပေးမှာ ဖြစ်ပြီး ၅ ဦးကို ဂျေရုစလင်သို့ လွှတ်ပေးသွားမှာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ် အသံလွှင့်ဌာနက ပြောပါတယ်။

ဂါဇာကနေ ထိန်းသိမ်းထားတဲ့ နောက်ထပ် ပါလက်စတိုင်းသား ၁၇၀၀ ကိုလည်း လွှတ်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

သဘောတူညီမှု သတ်မှတ်ချက်တွေအရ အကူအညီပေးရေး ကားကြီးတွေကို ဂါဇာကမ်းမြောင်ဒေသထဲ ဝင်ရောက်ခွင့် ပေးသွားဖို့လည်း ရှိနေပါတယ်။

ဂါဇာ ဒေသခံတွေဟာ အကူအညီ အသည်းအသန် လိုအပ်နေပြီး သူတို့ထဲက အများအပြားဟာ နှစ်နှစ်ကြာ စစ်ပွဲအတွင်း တချိန်လုံးနီးပါး တိမ်းရှောင် ထွက်ပြေးနေခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ ရက်က စတင်ပြီး ဂါဇာသို့ အကူအညီပေးရေး ကားကြီး ၆၀၀ လောက် နေ့စဉ် ဝင်ရောက်မှာ ဖြစ်ပေမယ့် အသေးစိတ်ကို အတည်မပြုရသေးပါဘူး။

ဂါဇာကမ်းမြောင်ဒေသရဲ့ အစိတ်အပိုင်းတွေမှာ အငတ်ဘေးဆိုက်နေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ထောက်ခံတဲ့ ကျွမ်းကျင်သူတွေက သြဂုတ်လက ပထမဆုံး ကြေညာခဲ့တာပါ။

လူပေါင်း ၅ သိန်းကျော်ဟာ အစာရေစာငတ်မွတ်မှု၊ ဆင်းရဲမွဲတေမှု၊ သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး ကပ်ဆိုး တစ်ခုလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီ နယ်နိမိတ်အတွင်း အစာရေစာ ငတ်မွတ်နေပြီဆိုတဲ့ ပြောဆိုမှုတွေကို အစ္စရေးက အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

သီးခြား အစီအစဉ်အနေနဲ့ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်၂၀၀ ကို အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး အစ္စရေးသို့ ပြောင်းရွှေ့ချထားဖို့ ရှိနေပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက သူ့အနေနဲ့ ဓားစာခံ အားလုံး ပြန်လွတ်စေရမယ်ဆိုတဲ့ ကတိအတိုင်း ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။

ဟားမာ့စ် အဖွဲ့ကတော့ လက်နက် ဖြုတ်သိမ်းရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောဆိုထားတာ မရှိသေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.