ပုလော၊ အောက်တိုဘာ ၁၁
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄)က ထုတ်ပြန်ပါတယ်။
ပုလောမြို့နယ်အခြေစိုက် ခလရ ၁၀၁ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် တပ်သား ကိုရဲသီဟဟာ လက်နက်ခဲယမ်းနဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ KNLA တပ်မဟာ (၄) တပ်ရင်း (၇) KNDO တပ်ခွဲ (၂) လက်အောက်ခံ တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာပါ။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ခမရ ၄၃၃ တပ်ရင်းက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရတဲ့ အသက် ၂၉ နှစ်အရွယ် ကိုသိုင်းဟာ တောကြီးမြွေဟောက်တပ်ဖွဲ့ထံက အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်အဖြစ် ဖမ်းဆီးခံရပြီး မြိတ်မြို့ကို ပို့ဆောင်ခံရကာ စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို တောကြီးမြွေဟောက်တပ်ဖွဲ့က ထိုက်တန်တဲ့ ဆုကြေးငွေတွေ ပေးအပ်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း ပုလောမြို့နယ် ခလရ ၂၆၅ တပ်ရင်းက အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF