ဝါရှင်တန်၊ အောက်တိုဘာ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ကျော်ပြီး ဗင်နီဇွဲလား ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ တစ်ဦးကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တဲ့အတွက် နိုဘယ်ဆု ကော်မတီဟာ ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို အသားပေးခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က စွပ်စွဲလိုက်ပါတယ်။

ဗင်နီဇွဲလား ပြည်သူတွေအတွက် ဒီမိုကရေစီ အခွင့်အရေးတွေ အားကောင်းလာစေရေး မမောမပန်း ဆောင်ရွက်ခဲ့တဲ့ မာရီယာ ကိုရီနာ မာချာဒိုကို ငြိမ်းချမ်းရေး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အဲဒီ ကော်မတီက အောက်တိုဘာ ၁၀ ရက်က ကြေညာခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတချို့ကို အဆုံးသတ်အောင် လုပ်ဆောင်ပေးခဲ့အတွက် အဲဒီဆုကို သူရရှိလိုကြောင်း ထရန့်က လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။

သူဟာ စက်တင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းထဲ အဲဒီ အကြောင်း ပြောကြားခဲ့သလို နိုဘယ်ဆု ရရှိလိုကြောင်း ပြောဆိုခဲ့တာပါ။

ထရန့်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာချာဒိုဆီ ဆက်သွယ်ပြီး ဂုဏ်ပြုစကားဆိုခဲ့သလို ဆုနဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့တယ်လို့ အ်မ်ဖြူတော် အကြီးတန်း အရာရှိ တစ်ဦးက CBS သတင်းဌာနသို့ ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ ဆုရရှိသူကို ကြေညာပြီးနောက် နိုဘယ်ဆု ကော်မတီဟာ ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို အသားပေးလိုက်တာ ဖြစ်ကြောင်း သက်သေပြလိုက်တယ်လို့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး စတီဗန် ချောင်က ဆိုတာပါ။

ထရန့်အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရရှိရေး၊ စစ်ပွဲတွေအဆုံးသတ်စေရေးနဲ့ လူ့အသက်တွေ ကယ်တင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ချောင်က လူမှုမီဒီယာ X ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ထရန့်ဟာ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသူကို မကြေညာခင် နှစ်ရက်က ကြေညာခဲ့တဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဆောင်ရွက်ရာမှာ သိသာတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိ သမ္မတသက်တမ်း ၉ လအတွင်းနဲ့ အရင်က သမ္မတသက်တမ်း အတွင်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများစွာကို အဆုံးသတ်အောင် ကူညီပေးခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထရန့်က ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေကို ကောင်းချီးပေးလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး သမ္မတ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောတာပါ။

ထရန့်က အမေရိကန်နဲ့ သံတမန် ဆက်ဆံရေး အားကောင်းတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှု ရရှိအောင် လုပ်ဆောင်ပြီးတော့ နိုဘယ် ငြိမ်းချမ်းရေးဆု ရဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဲဒီ ဆုကို ထရန့် ရရှိသင့်ကြောင်း ပြောဆိုသူတွေထဲမှာ အစ္စရေးဝန်ကြီးချုပ်နဲ့ နိုင်ငံတကာ ခေါင်းဆောင် အများအပြားလည်း ပါဝင်ပါတယ်။

နိုဘယ်ဆုနဲ့ ပတ်သက်လို့ သတင်းထောက်တွေ မေးမြန်းချိန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထရန့်အနေနဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အများကြီး လုပ်ပေးခဲ့တယ်လို့ ပြောသွားပါတယ်။

ဒီလို ပြောကြားတဲ့အတွက် ပူတင်ကို ကျေးဇူးတင်ကြောင်းလည်း ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။

မာချာဒို ကိုယ်တိုင်က သူဆုရကြောင်း သိပြီးနောက်မှာ ထရန့်ကို ချီးကျူးခဲ့ပြီး ဒီဆုဟာ ဗင်နီဇွဲလား ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေနဲ့ မိမိတို့ အရေး အတွက် ပြတ်ပြတ်သားသား ထောက်ခံမှုအတွက် ရည်ညွှန်းကြောင်း ပြောဆိုခဲ့ပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းမှုကို နှစ်တစ်နှစ်ရဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ပိတ်သိမ်းတာ ဖြစ်ပြီး ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာ အမည်တင်သွင်းရက် ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.