မော်လမြိုင် ၊ အောက်တိုဘာ ၉

မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ဖို့ စနစ်တကျ ပြင်ဆင်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ စစ်ယူနီဖောင်းချွတ်အပြောင်းအလဲသာ မြင်တွေ့နိုင်စရာရှိတယ်လို့ BNI Myanmar Peace Monitor က သုံးသပ်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲအလွန် စစ်ယူနီဖောင်းချွတ်အပြောင်းအ လဲဆိုတဲ့ အပတ်စဉ်သုံးသပ်ချက်အစီရင်ခံစာမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်နဲ့ အလွန်ကာလ အခင်းအကျင်းတွေကို ဖော်ပြထားတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်း ပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းပေါင်း ၅၀၂၀ ကျော် ရှိပါတယ်။

အဲဒီထဲမှာ ပြည်ထောင်စုတဝန်း စည်းရုံးမယ့် ပါတီ ၆ ခု နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ၅၁ ပါတီ အပါအဝင် တစ်သီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ခေတ်အဆက်ဆက် စစ်တပ်အသိုင်းအဝိုင်းကနေ အသွင်ကူးပြောင်းဖြစ်တည်လာခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ဟာ ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံး တင်သွင်းခဲ့ကြတာပါ။

ပြည်ထောင်စုတဝန်း စည်းရုံးမယ့် USDP ပါတီက ကိုယ်စားလှယ်လောင်း ၁၀၄၈ ဦးအထိ အများဆုံးဝင်ပြိုင်မှာဖြစ်သလို စစ်တပ်က အရာရှိတွေလည်း အငြိမ်းစားယူပြီး အဲဒီပါတီကနေ ရွေးကောက်ခံမှာ ဖြစ်ပါတယ်။

ထူးခြားမှုအဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်ညွန်ကြားချက်နဲ့ စစ်ယူနီဖောင်းချွတ်ကာ USDP ပါတီကို ကူးပြောင်းလာကြသူ ၄၉၀ နီးပါးအထိ ရှိပါတယ်။အဲဒီထဲမှာ ဗိုလ်ချုပ်ကြီးအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကနေ စစ်အရာရှိ စစ်ရုံးအုပ် တပ် ကြပ်ကြီးစာရေးတွေနဲ့ အခြားအဆင့်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စစ်တပ်အတွင်းရှိ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ၁၀ ဦးခန့်ကိုလည်း အငြိမ်းစား ယူခိုင်းကာ တစညပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ BNI Myanmar Peace Monitor ရဲ့ သုံးသပ်ချက်ထဲမှာ ဖော်ပြပါတယ်။

အပိုင်း ၁ အဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုတော့ ၁၀၂ မြို့ နယ်မှာ ပြုလုပ်သွားမယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။

ဒါကြောင့် အပိုင်း ၁ ရွေးကောက်ပွဲအလွန်ကာလအတွင်း စစ်ကော်မရှင်အနေနဲ့ ပြည်ထောင်စုလွှတ် တော်အစည်းအဝေးကို ခေါ်ယူခဲ့ရင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၁၅ ဦးနဲ့ စစ်တပ်ကိုယ် စားလှယ် ၁၆၆ ဦးတို့ဟာ ပြည်ထောင်စုလွှတ်တော်အတွင်း ရောက်ရှိလာမယ်လို့ တွက်ဆကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲမှာ အသုံးပြုမယ့် စစ်ကော်မရှင်ရဲ့ လက်ထဲမှာသာ ထိန်းချုပ်ခွင့်ရနေတဲ့ အီလက်ထရောနစ်မဲပေးစက်တွေဟာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် စောင့်ကြည့်ရဖွယ်လို့ BNI Myanmar Peace Monitor က ထောက်ပြပါတယ်။

USDP ပါတီမှာ ကိုယ်စားလှယ်လောင်းအဖြစ် စစ်ယူနီဖောင်းချွတ်အင်အား ၅၀၀ နီးပါးအထိ စေ လွှတ်ခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်ကို ကြည့်ရင် USDP ပါတီဟာ ရွေး‌ကောက်ပွဲမှာ အနိုင်သေချာတဲ့ ပါတီဖြစ်နိုင်ကြောင်း တွေးစရာဖြစ်နေတာပါ။

အခြားတစ်ဘက်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် နယ်မြေကျယ်ပြန့်ရေးအတွက် နိုင်ငံတဝန်း လေ ကြောင်းတိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။အထူးသဖြင့် လက်လွှတ်ခဲ့ရတဲ့ မြို့တွေ ကျေးရွာတွေနဲ့ စစ်စခန်းနယ်မြေတွေအတွင်း ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

BNI Myanmar Peace Monitor ကတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း မလုံခြုံမှု မတည်ငြိမ်မှုနဲ့ စစ်ရေးပဋိပက္ခဖြစ်စဉ်တွေကိုသာ ပိုမိုကျယ်ပြန့်လာရေးကို ဦးတည်နေတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.