မော်လမြိုင်၊ အောက်တိုဘာ ၇

မွန်ပြည်နယ် မော်လမြိုင်(သံလွင်တံတား) မော်လမြိုင်ဘက်ခြမ်းမှာ အိမ်သုံးအတွက် ဝယ်လာတဲ့ ထိုင်းကုန် ပစ္စည်းကအစ ဖမ်းဆီးငွေညှစ်ခံနေရပြီး အတင်းအဓမ္မ ခြိမ်းခြောက် အကျပ်အကိုင်မှုတွေ ရှိနေတယ်လို့ ပေါင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်(သံလွင်တံတား)မှာ လုံခြုံရေးယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မော်လမြိုင်မြို့ ဈေးဆိုင်တွေကနေ ဝယ်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ ဆီ၊ အချိုမှုန့်၊ အသီးအနှံအပါအဝင်အိမ်သုံး ပစ္စည်းတွေကို ဖမ်းဆီးငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားမှန်သမျှ ပိတ်ဆို့စစ်ဆေးနေပြီး အဲဒီလို စစ်ဆေးရာမှာ ထိုင်းကုန်ပစ္စည်း သယ်ဆောင်လာပါက ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။

ဖမ်းဆီးငွေညှစ်ခံရတဲ့ ပေါင်ဒေသခံတစ်ဦးက အိမ်သုံးအတွက် ထိုင်းစားသုံးဆီ ၅ ပုံး သယ်ဆောင်မှုအပေါ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ငွေကျပ်သုံးသောင်း အတင်းအဓမ္မ ခြိမ်းခြောက်ပြီး တောင်းယူသွားတယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ထိုင်းကုန်စည်တွေကို တစ်မြို့နယ်နဲ့တစ်မြို့နယ် သယ်လို့ မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။

တဖက်မှာလည်း စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေအပြင် တစ်ပိုင်တစ်နိုင် သယ်ဆောင်တဲ့ ကားလေးတွေကအစ ဖမ်းဆီးပြီး ကုန်ပစ္စည်းတွေ သိမ်းယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ တပ်ရင်း၊တပ်ဖွဲ့ ရိက္ခာအဖြစ် ပြန်လည်အသုံးပြုနေပြီး တပ်တွင်းမိသားစုတွေက အပြင်ဈေးကွက်မှာ ပြန်လည်ရောင်းချတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.