ဝါရှင်တန်၊ အောက်တိုဘာ ၆

အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်ထားရမှု အဆုံးသတ်ရေး လွှတ်တော်ထဲက ဒီမိုကရက်တွေနဲ့ ညှိနှိုင်းမှုတွေ ဘယ်နေရာကိုမှ ရောက်မလာဘူးလို့ သမ္မတ ဒေါ်နယ် ထရန့်က ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထရန့် အစိုးရက ဖက်ဒရယ် အလုပ်သမားတွေကို အစုလိုက် အပြုံလိုက် စတင်ထုတ်ပယ်တော့မယ်လို့ အိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

အစိုးရဌာနတွေ ပိတ်ထားရမှု ပဉ္စမမြောက်နေ့ထဲ ဝင်ရောက်လာချိန် အိမ်ဖြူတော် အမျိုးသားစီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး ကီဗင် ဟတ်ဆက်က ဘက်ဂျက် ညွှန်ကြားရေးမှူး ရပ်ဆဲလ် ဗောက် ခြိမ်းခြောက်ထားတဲ့ ဝန်ထမ်းများ ထုတ်ပယ်ရမှုကို ရှောင်ရှားနိုင်ရေး သဘောတူညီမှု တစ်ရပ် ရရှိဖို့ အစိုးရက မျှော်လင့်ထားကြောင်း ပြောပါတယ်။

သမ္မတ ထရန့်နဲ့ ညွှန်ကြားရေးမှူး ရပ်ဆဲလ် ဗောက်တို့က သူတို့အနေနဲ့ လုပ်မှ ဖြစ်တော့မယ်ဆိုရင် လုပ်ဆောင်ဖို့ အသင့်ပြင်ထားကြပြီး မလုပ်ရဖို့ မျှော်လင့်ထားတယ်လို့ ဘက်ဂျက် ညွှန်ကြားရေးမှူး ကီဗင် ဟတ်ဆက်က ပြောပါတယ်။

ဆွေးနွေးညှိနှိုင်းမှုတွေ အခြေအနေ တိုးတက်မလာဘူးလို့ သမ္မတက ဆုံးဖြတ်ခဲ့ရင် အစိုးရဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် စတင် ထုတ်ပယ်သွားမယ်လို့ ဟတ်ဆက်က ဆိုတာပါ။

ဒီလို အစိုးရဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် ထုတ်ပယ်ရမယ်ဆိုရင် ဒီမိုကရက်တွေကြောင့် ထုတ်ပယ်ရတာ ဖြစ်လိမ့်မယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော် ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထရန့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်း မြင်သာတဲ့ အခြေအနေ တိုးတက်မှု တစ်ခုမှ မရှိသေးပါဘူး။

အစိုးရ အေဂျင်စီတွေကို နိုဝင်ဘာ ၂၁ ရက် အထိ လည်ပတ်စေနိုင်မယ့် ရေတို ရန်ပုံငွေထောက်ပံ့ရေး ဥပဒေကြမ်းကို အထက်လွှတ်တော် ဒီမိုကရက်တွေက ပယ်ချခဲ့ပြီး နောက်ပိုင်း ၂၀၂၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမဆုံးရက် ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်က စတင်ပြီး အမေရိကန် အစိုးရဌာနတွေ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

အများတတ်နိုင်တဲ့ စောင့်ရှောက်မှု အက်ဥပဒေအရ အခွန် အကျိုးခံစားခွင့် အမြဲတမ်း ပေးဖို့ ဒီမိုကရက်တို့က တောင်းဆိုနေပြီး နောင်သဘောတူညီမှု ရခဲ့ရင်လည်း အိမ်ဖြူတော်အနေနဲ့ သဘောတူထားတဲ့ အသုံးစရိတ်ကို မပယ်ဖျက်ဖို့ အာမခံချက် တောင်းနေကြပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားကိစ္စတွေနဲ့ ပတ်သက်လို့ ဘုံသဘောထား ရှာဖွေဖို့ အလွတ်သဘော ဆွေးနွေးမှုတွေ ရှိနေပေမယ့် အောက်တိုဘာ ၇ ရက် အထက်လွှတ်တော် မဲခွဲမှု မတိုင်ခင် အခြေအနေ တိုးတက်လာမယ်လို့ မျှော်လင့်ထားသူ အနည်းငယ်သာ ရှိပါတယ်။

အပြိုင်ဖြစ်နေတဲ့ ရေတို ရန်ပုံငွေထောက်ပံ့ရေး ဥပဒေကြမ်း နှစ်ခုနဲ့ ပတ်သက်လို့ လွှတ်တော်က ပဉ္စမအကြိမ် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်း နှစ်ခုမှာ တစ်ခုကို အောက်လွှတ်တော် ရီပက်ဘလေကန်တွေက ထောက်ခံပြီး နောက်တစ်ခုကို ဒီမိုကရက်တို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော်တွင်း မဲခွဲရာမှာ အဲဒီ ဥပဒေကြမ်း တစ်ခုခု အတွက် ထောက်ခံမဲ ၆၀ ရာခိုင်နှုန်း မကျော်နိုင်တာကြောင့် ရှေ့ဆက်ဖို့ ဖြစ်လာနိုင်ခြေ မရှိပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.