မော်လမြိုင် ၊ စက်တင်ဘာ ၂၁
စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့ မွန်လွတ်မြောက်ရေးတပ်တော် MLF နဲ့ မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်တို့ ပေါင်းစည်းလိုက်တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ နှစ်ဘက်အဖွဲ့က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ စက်တင် ဘာ ၁၈ ရက်နေ့မှာ ပေါင်းစည်းခဲ့တာဖြစ်ပြီး မွန်လွတ်မြောက်ရေးတပ်တော်ရဲ့ ဦးဆောင်ကော်မတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးစစ်ရေးလုပ်ငန်းတွေမှာ တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော် RMA ပြောခွင့်ရ နိုင်ကောင်းစကားက ဒီလိုမျိုးပေါင်းစည်းလိုက်တာဟာ စစ်အာဏာရှင်တွေကို အတူတိုက်တဲ့နေရာမှာ ပိုထိရောက်သလို ပိုပြီး အားဖြစ်သွားစေမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ရှေ့တလှမ်းကို အကောင်အထည်ဖော်နေတာဖြစ်လို့ မွန်လူမျိုးစုအခြေပြုတပ်တွေနဲ့ ပေါင်းစည်းနိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။
“မွန်လွတ်မြောက်ရေးတပ်တော် MLF နဲ့ ပေါင်းစည်းလိုက်တာဟာ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းအရေးအတွက် နှစ်ဦးနှစ်ဘက် ရှေ့တလှမ်းကို အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။နောက်ပြီး ကျွန်တော်တို့ မွန်လူမျိုးစုအခြေပြုတဲ့ တပ်တွေ ပေါင်းစည်းနိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD/ ရာမညမွန်တပ်တော် RMA အနေနဲ့ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးဖော်ပြပါတယ်။
ရာမညမွန်တပ်တော် RMA ကို မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်း စည်းပြီး တပ်တော်အဖြစ် မေ ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။
နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီကိုတော့ နှစ်ဘက်ခေါင်းဆောင်တွေ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD အမည်နဲ့ ဖွဲ့စည်းပြီး ဥက္ကဌအပါအဝင် ထိပ်ပိုင်းရာထူးကိုတော့ မွန်ပြည်သစ်ပါတီ AD က တာဝန်ယူပါတယ်။
လက်ရှိ ရာမညမွန်တပ်တော် RMA မှာ သမိုင်းကြောင်းနောက်ခံမတူပေမယ့် ရည်မှန်းချက်ပန်းတိုင်တူညီကြတဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်သုံးတပ်နဲ့ ပေါင်းစည်းထားတာဖြစ်ပါတယ်။
မြေပြင်စစ်ရေးလှုပ်ရှားမှုမှာတော့ ရာမညမွန်တပ်တော် RMA ဟာ မွန်ပြည်နယ်အပါအဝင် ဆက်စပ်နေတဲ့ ကရင်ပြည်နယ်က ကော့ကရိတ်မြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အထိ တိုက်ပွဲဝင်နေပြီး တပ်အင်အားကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ရာမညမွန်တပ်တော်ဟာ မွန်ပြည်သူလူထုနဲ့အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် ဘဝတူ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RMA