ချောင်းဆုံ၊ စက်တင်ဘာ ၂၁
အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ သူရဲ့ ဇာတိမြေဖြစ်တဲ့ ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။
ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
ဦးအောင်ကြည်သိန်းဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီလို့ လူသိများတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ချောင်းဆုံးမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်တာဟာ လာမယ့်ရွေးကောက်ပွဲအနိုင်ရရင် မွန်ပြည် နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဦးအောင်ကြည်သိန်းဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့မှာ ချောင်းဆုံမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရဖူးတာ မရှိပါဘူး။
အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအပိုင်း ၁ အဖြစ် မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၉ ပါတီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI