နေပြည်တော် ၊ စက်တင်ဘာ ၂၀

စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ရည်ရွယ်တယ်ဆိုပြီး လှုံဆော်‌ရေးသားသူတွေကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်တဲ့ ပုဒ်မနဲ့ အရေးယူခံရသူ သုံးဦး ရှိလာပါတယ်။

စစ်ကော်မရှင်အဖြစ် အသွင်မပြောင်းခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ထုတ်ပြန်ပြီး နှစ်လကျော်အကြာမှာ အရေးယူမှုတွေ လုပ်လာတာပါ။

အရေးယူခံရသူတွေထဲမှာ Facebook ဆိုရှယ်မီဒီယာကနေ ရွေးကောက်ပွဲဆန္ဒမဲပေးမှုနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားတာနဲ့ မြေပြင်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာသားပါစတေကာတွေ လိုက်လံကပ်မှုကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားစေဖို့ လှုံ့ဆော်စာတွေ ရေး သားထားတဲ့ စတေကာတွေနဲ့ အများပြည်သူသွားလာတဲ့နေရာတွေမှာ လိုက်ကပ်တဲ့ အမျိုးသားနှစ်ဦးကို စက်တင်ဘာ ၁၈ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူ အသက် ၂၃ နှစ်နဲ့ ၂၄ နှစ်အရွယ် အမျိုးသားနှစ်ဦးဟာ လမ်းညွှန်ဆိုင်းဘုတ်မှာ ရွေး ကောက်ပွဲဆန့်ကျင်လှုံ့ဆော်ရေး စာသားပါစတေကာ တစ်ရွက်နဲ့ အနက်ရောင်မဲပုံးပေါ်မှာ ကျည်ဆန်ပုံသဏ္ဌာန်တွေပါတဲ့ စတေကာတစ်ရွက်ကို ကပ်ထားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေအရ သူတို့ဟာ စက်တင်ဘာ ၁၃ ရက်နေ့မှာ လှိုင်သာယာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ ၁၀ ခုမှာ ရွေး ကောက်ပွဲပျက်ပြားစေရေး စာသားပါစတေကာတွေနဲ့ အသိပေးလှုံ့ဆော်ခဲ့တယ်လို့ သတင်းထုတ်ပြန်တာပါ။

ဒါကြောင့် ရွေးကောက်ပွဲပျက်ပြားစေရေး ရည်ရွယ်ပြီး အသိပေးလှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့သူနှစ်ဦးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ စစ်ကော်မရှင်က အရေးယူခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပါ ပုဒ် ၁၆ အရ ဘယ်သူမဆို ရွေးကောက်ပွဲဆိုင်ရာ လုပ် ငန်းစဉ်ကို ဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချီတာတွေကို ဘယ်နည်းနဲ့မှ မပြုရဘူးလို့ တားမြစ်ထားတာပါ။

အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ ခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်မှာလည်း မဲပေးတဲ့ကိစ္စနဲ့ အွန်လိုင်းပေါ် ဝေဖန်ရေးသားခဲ့သူ အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားစေဖို့ ရည်ရွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် တိတိ ကျခံစေဖို့ စက်တင်ဘာ ၉ ရက်နေ့မှာ စစ်ကော်မရှင်က အမိန့်ချမှတ်ခဲ့ပါတယ်။

တစ်ဘက်မှာ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံဆော်မှုတွေ ဝါဒဖြန့်မှုတွေကို အွန်လိုင်းမီဒီယာ အသုံးပြုပြီး ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားဖို့ စစ်ကော်ရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလဆန်းမှာ ညွှန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.