ရေဖြူ၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။

ပယကျေးရွာမှာ အင်အား ၆၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၆ နာရီအချိန်လောက်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အချိန် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး ကံပေါက်အခြေစိုက် အမှတ် (၂၇၃) ခြေလျင်တပ်ရင်းကနေလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)တာဝန်ခံ ကိုပျံလွှားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃(KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နဲ့ ဗထူးတပ်မတော် (B.H.A)တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.