တနင်္သာရီ၊ စက်တင်ဘာ ၁၉
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က သိန်းခွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ပူးပေါင်းတပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က တပ်သား နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် သေနတ်နှစ်လက်၊ လက်ပစ်ဗုံးနဲ့ကျည်ဆံတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNU က ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်လမ်းပိုင်းမှာရှိတဲ့ သိန်းခွန်ကျေးရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကာ လက်ရှိအချိန်ထိ အဲဒီကျေးရွာတဝိုက်မှာ တပ်စွဲနေထိုင် နေတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၁၁ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီးပတ်ဝန်းကျင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU