နေပြည်တော်၊ စက်တင်ဘာ ၁၈
လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ အပိုင်းလိုက် စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဖိတ်ကြားသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က စက်တင်ဘာ ၁၆ ရက်နေ့မှာ ကြေညာပါတယ်။
ကြေညာချက်အရ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဖိတ်ကြားစာပေးပို့မှာဖြစ်ပြီး နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအဖြစ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံတမန်ဆက်သွယ်မှုပြုထားတဲ့ နိုင်ငံခြားသံရုံးတွေ ကောင်စစ်ဝန်ရုံးတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်ရုံးတွေ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဖိတ်ကြားပြီး နိုင်ငံတကာရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအဖြစ် အလားတူ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာလိုသူတွေအနေနဲ့လည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို စက်တင်ဘာ ၁၆ ရက်ကစပြီး ဒီဇင်ဘာ ၅ ရက်အထိ လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။
ဒါကြောင့် ပြည်တွင်းက စောင့်ကြည့်လေ့လာလိုသူတွေအနေနဲ့ လေ့လာလိုတဲ့ တိုင်းဒေသကြီး၊ ပြည် နယ် ၊ ခရိုင် ၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ စတင်လျှောက် ထားနိုင်ပြီလို့ အသိပေးထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်ကော် မရှင်ကိုယ်တိုင် ကစားသမားနဲ့ ဒိုင်လူကြီးလုပ်ပြီး ပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို လက်ခုတ်တီးခိုင်းမယ့်သဘောလောက်ပဲရှိမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုရွေးကောက်ပွဲက ရှင်းပါတယ်။ ဒိုင်လူကြီးလည်း သူပဲ။ ကစားသမားလည်းသူပဲ။ အဲဒါကို ပြည် တွင်းပြည်ပက အရန်အနေနဲ့ သူတို့ (စကမ) ကိုယ်တိုင်စီစဉ်ပြီးသားဟာကို လာပြီးတော့ အိမ်ဖြည့်ပေးပါ၊ ပိုပြီးတော့ အသိအမှတ်ပြုပေးပါဆိုတဲ့သဘော သွားကျတာပေ့ါ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကစားသမား ကိုယ်ကိုယ်တိုင် ဒိုင်လူကြီး ကျန်တဲ့သူတွေ လာပြီးတော့ ဘေးကနေ လက်ခုပ်လာတီးပေးဆိုတဲ့ သဘောလောက်ပဲ ရှိပါတယ်။အဲဒီတော့ သေချာတယ် ရွေးကောက်ပွဲကို အတင်းကို မဖြစ် ဖြစ်အောင် Legitimacy တရားဝင်မှုကို မရရအောင် ယူမယ်။အဲဒီအတွက် လာပြီးတော့ အိမ်ဖြည့်ပေးပါပေါ့” လို့ ဆိုပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်တွင်းအပြင် ပြည်ပက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀ ဝန်းကျင်ကို ဖိတ်ကြားဖို့ စီစဉ်နေတယ်လို့ စက်တင် ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် ပြည်တွင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီ ခွင့်ပြုပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောကြားထားတာပါ။
လက်ရှိ ကြေညာချက်မှာလည်း ပြည်တွင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဆိုဒ်မှာ အမိန့်ကြေညာစာနဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပြီးလို့ ဖော်ပြပါတယ်။
တစ်ဘက်မှာ စစ်ကော်မရှင်ရဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ အင်အားကြီး တရုတ်နဲ့ ရုရှားအပါအဝင် ဘယ်လာရုစ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်သွားမယ်လို့ စစ်ခေါင်းဆောင်ကို ပြောဆိုထားကြတာပါ။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာသူတွေကို ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ခွင့်ပြုပြီး အဲဒီအဖွဲ့တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပေါ် လေးစားလိုက်နာမှုက အကန့်အသတ်ရှိနိုင်တယ်လို့ ထောက်ပြပါတယ်။
“ရွေးကောက်ပွဲစနစ်တစ်ခုလုံးက တရားမျှတမှု ရှိ မရှိဆိုတဲ့အပြင်ကို လေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုပေးတဲ့ စနစ်ကလည်း ဘယ်လိုပုံစံမျိုးနဲ့ သူတို့ ခွင့်ပြုမှာလဲ ဘယ်သူတွေကို ပါမစ်ပေးမှာလဲဆိုတဲ့ဟာမျိုး။ ဆိုတော့ ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးဖိနှိပ်ထောင်ချ သတ်ဖြတ်နေတဲ့ စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစုတွေဘက်ကနေ သူတို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့် လျှောက်ထားလို့ရမှာလားဆိုတဲ့ဟာမျိုးလည်း ပြန်ရှိသေးတယ်။ ဆိုတော့ ဒီမှာ လျှောက်ထားတယ်ဆိုတဲ့ အနေအထားမျိုးမှာလည်း Corruption အများကြီးရှိနိုင်တယ်။ လေ့လာစောင့်ကြည့်မယ်ဆိုတဲ့ သူတွေကိုယ်တိုင်က Quality အရရော ပြောရမယ်ဆိုရင် ရပ်တည်ချက်အရရော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပေါ်မှာ လေးစားလိုက်နာမှုကရော အကန့်အသတ်နဲ့ ရှိတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ အားနည်းချက်တချို့ရှိပေမယ့် လွတ်လပ်ပြီး တရားမျှတကြောင်း နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာသူတွေ ထောက်ခံထားကြတာပါ။
ဒါပေမယ့် စစ်တပ်ကတော့ အဲဒီရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ တွေ့ရှိတယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းယူပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တာပါ။
အာဏာသိမ်း စစ်တပ်ကနေ အသွင်ပြောင်းဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်ကတော့ သူတို့ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်ရမယ်လို့ အာမခံ ကြွေးကြော်နေတာပါ။
ဦးတိုးဇော်လတ်ကတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလမှာ စစ်ကော်မရှင်ရဲ့ မဲစာရင်း မှန်ကန်မှု အတိုင်းအတာ ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ မှတ်ချက်ပြုပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲကို ANFRAL ဆိုတဲ့ အာဆီယံတစ်ခုလုံးမှာရှိတဲ့ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ Network ကတောင်မှ ANFRAL တို့ အီးယူတို့ကတောင်မှ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲရလဒ်လို့ ပြောသားပြီးသားပဲ။ အဲဒါကို မဲစာရင်းမှားလို့ ပြောတယ်။ အခုလည်းဗျာ ဒီလောက်စစ်ဖြစ်နေတာ သူတို့ မဲစာရင်းကရော ဘယ်လောက်မှန်မှာ မို့လို့လဲ။ အဲဒီတော့ ဒီဟာတွေက ဘာမှ အဓိ ပ္ပာယ်မရှိတဲ့ သူတို့ရဲ့ တရားဝင်မှုကို အိမ်ဖြည့်တာလို့ပဲ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ အဖြစ် စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုတော့ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်က မဲဆန္ဒနယ် ၇၁၂ နယ်မှာ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။
အဲဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ တည်ဆဲနိုင်ငံရေးပါတီပေါင်း ၅၇ ပါတီ ရှိနေပြီး အဲဒီထဲက ၆ ပါတီဟာ ပြည်ထောင်စုတစ်ဝန်းစည်းရုံးမှာဖြစ်ကာ ကျန် ၅၁ ပါတီကတော့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးကြမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲစနစ်ကိုတော့ အရင်ကျင့်သုံးနေကျ နိုင်သူအကုန်ယူစနစ် FPTP ကို ပြည်သူ့ လွှတ် တော်မှာ ကျင့်သုံးပြီး ကျန်လွှတ်တော်တွေမှာတော့ FPTP စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် PR နဲ့ ပေါင်းစပ်ကျင့်သုံးဖို့ သတ်မှတ်ထားတာပါ။
ဒါ့အပြင် မဲပေးစနစ်ကိုလည်း မြန်မာ့ရွေးကောက်ပွဲသမိုင်းမှာ ပထမဦးဆုံးကြိမ်အဖြစ် အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး မဲဆန္ဒရှင်ပြည်သူတွေက စက်ခလုတ်နှိပ်ပြီး ဆန္ဒမဲပေးဖို့ စစ်ကော်မရှင်က စီစဉ်ထားတာ ဖြစ်ပါတယ်။
နိုင်ပီတာကတော့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြိုင်မယ့်သူ၊ဒိုင်းလုပ်မယ့်သူနဲ့ ဆုပေးမယ့်သူဟာ တစ်အုပ်စုတည်းဖြစ်နေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘဲ စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ပုံစံချပြီးသားလို့ မှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI